မင်းလှမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

အထက်မင်းလှ     ဇူလိုင် 

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင် က မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ပြည်သူများ ကြိုတင် ကာကွယ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကိုလည်းဆောင်ရွက် လျက်ရှိကြောင်း၊ မင်းလှမြို့အဝင်ဂိတ်နှင့် မလွန်တံတားဂိတ်များတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး အတွက် သက်ဆိုင်ရာ တာဝန်ရှိဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ကျန်းမာရေး    စစ်‌ဆေး‌ဆောင်ရွက်‌ ပေးလျက်ရှိကြောင်း၊ စားသောက်ဆိုင်များအား ဆိုင်ထိုင်ရောင်းချခြင်း အစား ပါဆယ်စနစ်(Take Away)ဖြင့်သာ ရောင်းချရေးနှင့်ဈေးများတွင် ဈေးရောင်းသူ၊ ဈေးဝယ်သူများအနေဖြင့် နှာခေါင်းစည်း (Mask)တပ်ဆင်ခြင်း၊ တစ်ဦးနှင့်တစ်ဦးခပ်ခွါခွါနေထိုင် ခြင်း၊ မကြာခဏလက်ဆေးခြင်းတို့ကို တိကျစွာလိုက်နာဆောင်ရွက်ရေး ပညာပေးခြင်း၊ ကြီးကြပ်ခြင်း၊ အသိပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာလမ်းညွှန် များနှင့်အညီ စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေဖြင့် ဝိုင်းဝန်း အကြံပြု ဆွေးနွေးကြရန် ပြောကြားခဲ့သည်။

 

ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုး က  ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်းပြီး ဆောင်ရွက်ထားသည့် အစီအစဉ်များနှင့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့်လူနာများအားကုသ ပေးနေသည့်လုပ်ငန်းများ၊ အခြားသော Stay at Home မြို့နယ်များမှ နေရပ်ပြန်လာသူများ ရှိပါက Quarantine Centre များတွင် စနစ်တကျထားရှိနိုင်ရေး လိုအပ်ချက်အခြေအနေများကို ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ သည်။ ယင်းနောက် မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဒေါ်နွယ်နွယ်အေး က ဇေယျာသီရိ ဈေးဝင်ပေါက်၊ ထွက်ပေါက်များတွင် လက်ဆေး ဘေစင်များထားရှိပေခြင်း၊ ဈေးရောင်း၊ ဈေးဝယ်သူများအား နှာခေါင်းစည်း တပ်ဆင်ပြီးမှ ဈေးအတွင်းဝင်ရောက်စေခြင်းများကို စတနစ်တကျ ဆောင်ရွက်ထားရှိပြီးဖြစ်‌ကြောင်း၊        စားသောက်ဆိုင်များအား ဆိုင်ထိုင် ရောင်းချခြင်းအစား  ပါဆယ်စနစ်(Take Away)ဖြင့်သာ ရောင်းချရေးအတွက် အသိပေး ဆောင်ရွက်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

 

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်းပြီး ဆောင်ရွက်‌နေသည့် လုပ်များအား ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

 

ဇာဇာ(အထက်မင်းလှ)