နမ့်စန်(တ) ဇူလိုင် ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့လယ်မီးပွိုင့်လမ်းဆုံအနီးပြည်ထောင်စု လမ်းမကြီးပေါ်နှင့် မြို့မစည်ပင်သာယာဈေး တို့တွင် Mask Campaign ပြုလုပ်၍ ပါးစပ်နှင့်နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေ ခဲ့ကြောင်း သိရသည်။
နမ့်စန်မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်နိုင်စိုးနှင့်ရဲတပ်ဖွဲ့ဝင်များ ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ ကြက်ခြေနီ အဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များက ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သွားလာနေကြသူများ နှင့် မြို့မစည်ပင်သာယာဈေးတွင် ဈေးရောင်းဈေးဝယ်နေကြသူများကို ကမ္ဘာတစ်ဝှမ်းနှင့် မြန်မာနိုင်ငံ အတွင်း ကိုဗစ်-၁၉ရောဂါလက်ရှိဖြစ်ပွားနေမှုအခြေအနေနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရန် ပြည်သူများ လိုက်နာရမည့်အချက်များကို အသိပေးကြေညာခြင်းနှင့် Mask မတပ်ဘဲ သွားလာနေသူများကို Mask မဖြစ်မနေတပ်ဆင်သွားလာရေး သတိပေးကာ ပါးစပ်နှင့် နှာခေါင်းစည်း Maskများ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြသည်။
အဆိုပါ Mask Campaign ကို မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် စုပေါင်း ဆောင်ရွက်ခဲ့ပြီး ပြည်သူများထံ ပါးစပ်နှင့် နှာခေါင်းစည်း Mask အခု (၁၀၀၀) အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း နမ့်စန်မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီ ထံမှ သိရသည်။
မြို့နယ်ပြန်/ဆက်