မြင်းမူမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၁၀၅) ဦးရှိ

မြင်းမူ ဇူလိုင် ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း မြင့်မားလျက်ရှိရာ ၂၀၂၁ ခုနှစ် ဇွန်လ ၆ ရက်နေ့မှ ဇူလိုင်လ ၄ ရက်နေ့ထိ ရောဂါရှာဖွေတွေ့ရှိသူ အတည်ပြုလူနာပေါင်းမှာ (၁၀၅) ဦးထိရှိလာခဲ့ကြောင်းနှင့် ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ရရှိသူ (၁၁) ဦးရှိပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။

မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများကို မြို့နယ်ပြည်သူ့ဆေးရုံဝင်း အတွင်းရှိ သံဃာဆေးရုံအဆောက်အဦတွင် ထားရှိကာ မြို့နယ်ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဆက်လက် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ အနီးကပ် ကြီးကြပ် မှုဖြင့် သက်ဆိုင်ရာဌာနများ၊ လူမှုကူညီရေးအသင်းအဖွဲ့များက ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မြို့ဝင်၊ မြို့ထွက်များတွင် စစ်ဆေး ရေး ဂိတ်များထားရှိခြင်း၊ မြို့တွင်းနေရာများအား ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများ မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)