ပွင့်ဖြူ ဇူလိုင် ၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ပြည်သူလူထု အလေးထားလိုက်နာ ဆောင်ရွက် နိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့မစည်ပင်သာယာဈေးသို့ သွားရောက်ပြီး ဈေးသူဈေး သားများနှင့် ဈေးဝယ်လာပြည်သူများကို ကြိုတင် ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာ ဈေးရှိ ဈေးသူဈေးသားများနှင့် ဈေးဝယ်လာပြည်သူများကို ဈေးရောင်းဈေးဝယ် ပြုလုပ်ရာတွင် ကိုဗစ် - ၁၉ ရောဂါ အန္တရာယ်ကင်းဝေးစေရေး လူစုလူဝေး မဖြစ်အောင် စနစ်တကျ ရောင်းချသွားရန်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထား ရှိသော ကြိုတင်ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များကို အလေးထား လိုက်နာဆောင်ရွက် သွားကြ ရန်တို့ကို အသိပညာပေး ဆွေးနွေးပြောကြားပြီး ဈေးရောင်းဈေးဝယ်သူများကို ပါးစပ်နှာခေါင်းစည်းများ အခမဲ့ လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။
ထို့နောက် တာဝန်ရှိသူများအဖွဲ့သည် ပွင့်ဖြူမြို့၊ ပွင့်မာလာပန်းဥယျာဉ်ခြံအနီးတွင် စုရပ်ပြုလုပ်၍ မြို့တွင်း ဖြတ်သန်းသွားလာသည့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများကို မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မလိုအပ်ပဲ အပြင်သွားလာခြင်းများ မပြုလုပ်ရန် ၊ အပြင်သွားလာသည့်အခါတွင် ပါးစပ်နှာခေါင်း စည်းနှင့် မျက်နှာအကာ( Face Shield ) မဖြစ်မနေ တပ်ဆင်သွားလာကြရန ၊ လူတစ်ဦးနှင့်တစ်ဦး အနည်းဆုံး (၆)ပေ အကွာ နေထိုင်သွားကြရန်၊ မကြာခဏ လက်ဆေးရန် စသည့် ကိုဗစ် - ၁၉ ကြိုတင်ကာကွယ်ရန်အချက်များကို အသိ ပညာပေး ဆွေးနွေးပြောကြားပြီး ပါးစပ်နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)