ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် Hotel Quarantine ထားရှိရေး တည်းခိုခန်း လုပ်ငန်းရှင်များနှင့် ဆွေးနွေးပွဲ မလှိုင်မြို့၌ ကျင်းပ

မလှိုင် ဇူလိုင် ၅

မန္တလေးတိုင်း‌ဒေသကြီး၊ မလှိုင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် မြို့အဝင်၊ အထွက်များတွင် ကိုဗစ်-၁၉ရောဂါ စစ်ဆေးရေးဂိတ်များ ပြန်လည်ထားရှိရေးနှင့် ဟိုတယ် Quarantine များ ထားရှိရေး တည်းခိုခန်းလုပ်ငန်းရှင်များ နှင့်တွေ့ဆုံညှိနှိုင်း အစည်းဝေးကို ယမန်နေ့ က မြို့နယ်အ‌ထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အဖွင့်အမှာစကား ပြောကြားရာတွင် ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းသည် ကူးစက်မြန်သည့်အတွက် ကြိုတင် ကာကွယ်ရေးကို အလေးထားဆောင်ရွက် သွားရမည် ဖြစ်ကြောင်း၊ မြို့အဝင်၊ အထွက်များတွင် ကိုဗစ်-၁၉ရောဂါ စစ်ဆေးရေးဂိတ်များ ပြန်လည်ချထားပြီး စနစ်တကျ စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ Stay at Home ဒေသမှ ပြန်လည် ရောက်ရှိလာသူများနှင့် သံသယလူနာများကို Facility Quarantine နှင့် Hotal Quarantine ထားရှိသွားမည်ဖြစ်ကြောင်း၊ တက်ရောက်လာသည့် လုပ်ငန်းရှင်များ အနေဖြင့် ဟိုတယ် Quarantine ဖွင့်လှစ်ရန် ဆန္ဒရှိပါက ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း၊ ဆန္ဒရှိသူများရှိပါက တင်ပြပေးရန် ဖိတ်ခေါ်ခဲ့သည်။

ထို့နောက် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာတင်ဇော်ဝင်း က ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်း ဗိုင်းရပ်ပိုးအကြောင်းကို ရှင်းလင်း ပြောကြားပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးဌေးသန်းက ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် မြို့သူ၊ မြို့သားများအနေနှင့် ပူးပေါင်းပါဝင်‌ ဆောင်ရွက်ပေးရန် ဖြည့်စွက် မှာကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် လုပ်ငန်းရှင်များထဲမှ(၄)ဦးက ဟိုတယ် Quarantine ဖွင့်လှစ်ရန် ဆန္ဒပြုခဲ့ပြီး  မြို့နယ်ကိုဗစ် ကော်မတီမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ခွင့့််ပြုပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)