မူဆယ် ဇူလိုင် ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် မြို့နယ်စည်ပင်သာယာရေးနယ်နမိတ်အတွင်းရှိ ဖွင့်လှစ် ရောင်းချလျက်ရှိသော လက်ဖက် ရည်ဆိုင်၊ စားသောက်ဆိုင်နှင့် အစားအသောက်ပြုလုပ်ရောင်းချသည့်ဆိုင် များအားလုံး Take-away (ပါစယ်)စနစ်ဖြင့်သာ ရောင်းချသွားရန် မြို့နယ်စည်ပင်သာယာ ရေးဌာနမှ ဇူလိုင်လ(၃)ရက်နေ့ ကြေငြာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
မူဆယ်မြို့တွင် ယနေ့အချိန်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၀၀)ကျော်နှင့် သေဆုံးသူများလည်း ရှိနေပြီဖြစ်သည့်အတွက် ဒေသတွင်း ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းလဲလာသော ရောဂါပိုးကူးစက်ပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်လည်းကောင်း၊ ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ခြင်း၊ ကာကွယ်၊ ကုသခြင်းလုပ်ငန်းစဉ်များ ပိုမိုထိရောက်စွာဆောင်ရွက်သွားရန် လိုအပ်သဖြင့် လည်းကောင်း၊ ယင်းကြေငြာချက်ကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်မိုးထွန်းက ပြောကြားခဲ့သည်။
အဆိုပါထုတ်ပြန်ကြေငြာချက်တွင် မူဆယ်မြို့နယ်စည်ပင်သာယာရေးနယ်နမိတ်အတွင်းရှိ ဖွင့်လှစ် ရောင်းချလျက်ရှိသော လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်(အအေးဆိုင်၊ အကင်ဆိုင်၊ ခေါက်ဆွဲဆိုင် နှင့် အစားအသောက်ပြုလုပ်ရောင်းချလျက်ရှိသော) ဆိုင်များအားလုံး (၅-၇-၂၀၂၁)ရက်နေ့မှစ၍ ဆိုင်ထိုင်စား သောက်ခြင်းစနစ်ကို လုံးဝ(လုံးဝ)မပြုလုပ်ဘဲ Take-away (ပါစယ်) စနစ်ဖြင့်သာ ရောင်းချသွားရန်နှင့် မူဆယ်မြို့နယ် Coronavirus Disease 2019 (Covid-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ အထက်ပါညွှန်ကြားချက်အတိုင်း လိုက်နာခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကွင်းဆင်းစစ်ဆေးရာတွင် ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိသော ဆိုင်များအား ရှမ်းပြည်နယ်စည်ပင်သာယာရေး ဥပဒေအရသော် လည်းကောင်း၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေအရ သော်လည်းကောင်း၊ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည့်ကြေငြာချက်များ ပါရှိကြောင်း သိရသည်။
စန်းစန်း(မူဆယ်)