မိုင်းပန် ဇူလိုင် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ယမန်နေ့ နေ့လည်အချိန်၌ မြို့နယ်ပြည်သူ့ဆေးရုံတွင် မိုင်းပန်မြို့၊ အလယ်ရပ်ကွက်နေထိုင်သူ ကိုဗစ်-၁၉ ရောဂါ လက္ခဏာ သံသယလူနာ (၃) ဦးအား RDT Test Kit ဖြင့် စစ်ဆေးရာ (၂) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရသဖြင့် Isolation Ward နေရာတွင် ထားရှိကုသလျက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂ဝ၂၁ ခုနှစ် ဇွန်လ (၂၃) ရက်နေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ်မှ ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းပန်မြို့နယ်သို့ ပြန်လည်ရောက်ရှိလာသူ (၂၅) နှစ်အရွယ် အမျိုးသားတစ်ဦး အနံ့ရရှိခြင်းမရှိသဖြင့် ၎င်းနှင့် ၎င်း၏ မိခင်ဖြစ်သူ (၆၃) နှစ်အရွယ် အမျိုးသမီး၊ အမဖြစ်သူ (၄၁) နှစ်အရွယ် အမျိုးသမီးတို့အား RDT Test Kit ဖြင့် စစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ စစ်ဆေးရာတွင် မိခင်ဖြစ်သူနှင့် အမဖြစ်သူတို့တွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသဖြင့် ၎င်းတို့ (၂) ဦးအား မိုင်းပန်မြို့ ပြည်သူ့ဆေးရုံရှိ Isolation Ward နေရာတွင် ထားရှိကုသလျက်ရှိပြီး (၂၅)နှစ် အရွယ် အမျိုးသားအား Quarantine Center တွင် ထားရှိစောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
မိုင်းပန် (ပြန်/ဆက်)