ပွင့်ဖြူမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေး

ပွင့်ဖြူ ဇူလိုင် ၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများကို ဒေသခံပြည်သူများကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော နိုင်ငံသားစိစစ်ရေး ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာ၊ ထန်းတောကျေးရွာ၊ ညောင်ပင်ဝိုင်းကျေးရွာ၊ ထူးပေါက်ကျေးရွာနှင့် အနောက်အင်းကုန်းကျေးရွာသို့ သွားရောက်ပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်း ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ လက်ထောက်မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်အောင် က ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ရာတွင် ပါရှိရမည့် အထောက်အထားများ ၊ နိုင်ငံသား စိစစ်ရေးကတ်ပြား၏ အသုံးဝင်မှုနှင့် ပျောက်ဆုံး/ ပျက်စီးမှုမရှိစေရေး စနစ်တကျ ကိုင်တွယ် အသုံးပြုရမည့်နည်းစနစ်များ ၊ အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ရာတွင် ပါရှိရမည့် အထောက်အထား များကို အသိပညာ‌ပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် လက်ထောက်မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများကို အထောက်အထားများ စိစစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းတို့ကို စနစ်တကျ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးခြင်းကို မေလ ၄ ရက်နေ့က စတင်ဆောင်ရွက်ပေးခဲ့ပြီး ၂၀၂၂ ခုနှစ် ၊ ဇူလိုင်လအထိ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရကာ ကျန်ရှိသည့် ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများကိုလည်း သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆက်လက်ကွင်းဆင်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ဇော်တင့် က ပြောကြားသည်။   

ရဲဝင်းနိုင် (ညောင်ဦး)