ဘူးသီးတောင် ဇူလိုင် ၄
ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဒေသတွင်း ရေချိုငါးသယံဇာတများ မပြုန်းတီးစေရေး၊ ရေချိုငါးများ ဒေသတွင်းဖူလုံစွာ စားသောက်နိုင်ရေးအတွက် မြစ်၊ ချောင်း၊ အင်း၊ အိုင်များအတွင်း ငါးမျိုးများ နှစ်စဉ် စိုက်ထည့်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီခွဲအချိန်က ဘူးသီးတောင်မြို့နယ် (ပန်ဇင်းချောင်းတံတားအောက်) မေယုမြစ်ဖျားအတွင်းသို့ ငါးမျိုးများစိုက်ထည့်ခြင်း အခမ်းအနားကို ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့်အညီကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရခိုင်ပြည်နယ်ငါးလုပ်ငန်းဦစီးဌာန ညွှန်ကြားရေးမှူးဦးသက်ဦးက ငါးမျိုးများစိုက်ထည့်ရခြင်းနှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက် လာကြသူများအား ငါးသားပေါက်များကို ပေးအပ်ခဲ့ပြီး တာဝန်ရှိသူများမှ လက်ခံရယူခဲ့ကြသည်။
ထို့နောက် အခမ်းအနား တက်ရောက်လာကြသည့် ဘူးသီးတောင်မြို့နယ် တပ်နယ်မှူးဗိုလ်မှူးကြီး တင်မိုးနိုင်၊ အမှတ်(၁၅) စစ်ဆင်ရေးကွက်ကဲ့မှူးဌာနချုပ် ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးသန်းလှိုင်၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ငါးလုပ်ငန်းဦးစီးမှူးနှင့် တာဝန်ရှိသူများက (ပန်ဇင်းချောင်းမြစ်ဖျား)သဘာဝရေပြင်အတွင်းသို့ ငါးသားပေါက်များကို စိုက်ထည့်ခဲ့ကြပြီး အမှတ်တရဓါတ်ပုံများရိုက်ကူးခဲ့ကြသည်။
ယနေ့ ကျင်းပပြုလုပ်သည့် ငါးသားပေါက်လွှတ်ပွဲတွင် ထိုင်းငါးခုံးမကြီးကောင်ရေ (တစ်သိန်းနှစ်သောင်း) နှင့်ရွှေဝါငါးကျင်းကောင်ရေ (သုံးသောင်း)စုစုပေါင်း ငါးသားပေါက်ကောင်ရေ (တစ်သိန်းငါးသောင်း)ရှိကြောင်း ဘူးသီးတောင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆန်းဝင်းထံမှ သိရသည်။
အဆိုပါ အခမ်းအနားသို့ ဘူးသီးတောင်မြို့နယ် တပ်နယ်မှူးဗိုလ်မှူးကြီး တင်မိုးနိုင်၊ အမှတ်(၁၅)စစ်ဆင်ရေးကွက်ကဲမှူး ဌာနချုပ် ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးသန်းလှိုင်၊ အမှတ်(၃၇၈) အမြောက်တပ်ရင်း ခေတ္တတပ်မှူးဗိုလ်မှူးနေသူရိန်လင်း၊ ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)