မော်လမြိုင် ဇူလိုင် ၄
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ၂၀၂၁ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၉ နာရီက စမ်းကြီးရပ်ကွက် လူငယ်သင်တန်းကျောင်း (မော်လမြိုင်) ခန်းမဆောင်၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မွန်ပြည်နယ် အမျိုးသမီးကော်မတီဥက္ကဋ္ဌ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် နိုင်လယိတမ က မြန်မာနိုင်ငံအနေဖြင့် ၁၉၉၇ ခုနှစ်၊ ဇူလိုင်(၂၂)နေ့ရက်တွင် အမျိုးသမီးများ နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို သဘောတူလက်မှတ်ရေးထိုး ထားကြောင်း၊ မြန်မာနိုင်ငံသည် UNCEDAW ၏ စာချုပ်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ဖြစ်၍ နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသမီးများ ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်ခံရမှု မရှိစေရေးတို့အတွက် မြို့ပြ၊ ကျေးလက်ဒေသများရှိ အမျိုးသမီးဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျား/မတန်း တူညီမျှအခွင့်အရေးရရှိရေး၊ အမျိုးသမီးများ အားလုံးစွမ်းဆောင်ရည်မြှင့်မားပြီး မိမိကိုယ်ကို ယုံကြည်ချက်ခိုင်မာအောင် တည်ဆောက်ရေးတို့တွင် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်စေလိုကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ မွန်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးသည့် သုံးမွှာပူးနှင့် အထက် မွေးဖွားသော မိခင်နှင့်ကလေး ဆုငွေကျပ်ငါးသိန်းကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နိုင်လယိတမက ပေးအပ်ချီးမြှင်ခဲ့ရာ သုံးမွှာပူးကလေးမိခင်ဒေါ်မော်မော်အောင်က လက်ခံရယူသည်။
ထို့နောက် ၂၀၂၁ ခုနှစ် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးခြင်းကို ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နိုင်လယိတမက ဦးဆောင်၍ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဖွဲ့ဝင်များက မဟော်ဂနီ၊ အော်ရေးရှား၊ ခရေနှင့် သီးပင်စားပင်များဖြစ်သည့် ဒူးရင်းနှင့် ကြက်မောက်ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)