ဆောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရေးအတွက် မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်ထားရှိဆောင်ရွက်

ဆော ဇူလိုင် ၄

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကူးစက်မှုများ မဖြစ်ပေါ်စေရန်အတွက် မြို့အဝင်၊ အထွက် မြို့မဘောလုံးကွင်းအနီး၌ စစ်ဆေးရေးဂိတ် ပြန်လည်ဖွင့်လှစ်၍ ကျန်းမာရေးစစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည်။

ထိုသို့ မြို့အဝင်အထွက်စစ်ဆေးရေးဂိတ် ဖွင့်လှစ်ဆောင်ရွက်ထားရှိမှုအား ယနေ့ နံနက် ၉ နာရီက မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးကော်မတီအတွင်းရေးမှူး ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်မျိုးဦးနှင့် ဌာနဆိုင်ရာကော်မတီဝင်များက မြို့တွင်းဝင်ရောက် သွားလာနေကြသည့် ခရီးသွားပြည်သူများနှင့် စျေးဝယ်လာသူများကို နှာခေါင်းစည်း (Mask) များ တပ်ဆင်သွားလာစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သံသယဖြစ်ဖွယ် အခြေအနေ ကြုံတွေ့ရပါက RDT Test Kit စစ်ဆေးခြင်းများနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ စစ်ဆေးဆောင်ရွက်နေမှုအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်းပူးပေါင်းကာ အရှိန်အဟုန်မြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုဇော်ကြီး(ဆော)