အုတ်တွင်းမြို့နယ်၌ စားသောက်ဆိုင်များနှင့် လ္ဘက်ရည်ဆိုင်များအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်နိုင်ခြင်း ရှိ/မရှိ စစ်ဆေး

အုတ်တွင်း ဇူလိုင် ၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်များနှင့် လ္ဘက်ရည်ဆိုင်များအား ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီ ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက် ၈ နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ အုတ်တွင်းမြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်များ၊ လ္ဘက်ရည်ဆိုင်များတွင် ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးဆိုင်ရာ လက်ဆေးရည်၊ ဆပ်ပြာနှင့် လက်ဆေးဘေစင်များ စနစ်တကျ ထားရှိခြင်း၊ နှာခေါင်းစည်း Mask များ တပ်ဆင်ရောင်းချသွားရန်နှင့် ဆိုင်ထိုင်စနစ် မရှိစေရေး၊ ပါဆယ်စနစ် ရောင်းချသွားရန်၊ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီလိုက်နာ ဆောင်ရွက်ထားခြင်း ရှိ/မရှိကို မကြာခဏ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ စည်းကမ်းချက်များကို လိုက်နာမှုမရှိပါက သက်ဆိုင်ရာ ဆိုင်ပိုင်ရှင်အား သဘာဝဘေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ခင်မာ (ပြန်/ဆက်)