မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်၍ ခရေပင်စိုက်ပျိုး

မကွေး ဇူလိုင် ၃

 

မကွေးတိုင်းဒေသကြီး ၂၀၂၁ ခုနှစ် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး လှုပ်ရှားမှု မိုးရာသီသစ်ပင် စိုက်ပျိုး ပွဲတော် အခမ်းအနားကို ယနေ့နံနက် ၇ နာရီက မကွေးမြို့ မကျီးကန် အခြေခံပညာ အထက်တန်း ကျောင်းခွဲ  ကျောင်းဝန်းအတွင်း၌ ကျင်းပရာ  တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင် တက်ရောက်၍ ခရေပင်အား ဦးဆောင်စိုက်ပျိုးပေးခဲ့ကြသည်။

 

မိုးရာသီ သစ်ပင်စိုက်ပွဲတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင်က အရိပ်ရ သစ်ပင်စိုက်ပျိုးခြင်းဖြင့် နိုင်ငံတဝှမ်း အစိမ်းရောင်လွှမ်းခြုံ၍ အေးချမ်းသောနိုင်ငံ တစ်နိုင်ငံ  ဖြစ်လာ စေရန် ပတ်ဝန်းကျင်ကို သစ်ပင်များစိုက်ပျိုးကာ မိမိတတ်စွမ်းသမျှ ဝိုင်းဝန်းကူညီ ပေးခြင်းဖြင့် ပတ်ဝန်း ကျင်ထိန်းသိမ်းရာရောက်ပြီး အပူချိန်ကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ သစ်တောများသည် ကမ္ဘာ့ ပတ်ဝန်းကျင်စိမ်းလန်းရေး၊ အပူချိန်လျှော့ချရေးအတွက် အရေးပါသောကြောင့် သစ်တောများ ဖြစ်ထွန်း လာရေးကို အလေးထားကာ တစ်ပင်စိုက် တစ်ပင်ရှင်သန်ရေး သစ်ပင်များ စိုက်ပျိုးခြင်းဖြင့် ပူးပြင်း ခြောက်သွေ့သော အညာဒေသကို သစ်တောသစ်ပင်တို့ဖြင့် စိမ်းစိုနေအောင် လုပ်ဆောင်ရမှာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ပြည်သူလူထုတစ်ရပ်လုံးက သစ်တောသစ်ပင်များအား ချစ်ခင်မြတ်နိုးတန်ဖိုးထားတတ်လာစေပြီး ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များကို သစ်ပင်စိုက်ပျိုးခြင်းအားဖြင့် ကာကွယ်ထိန်းသိမ်း နိုင်စေရန်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဒေသ ခံပြည်သူများက ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ စိုက်ပျိုးခြင်းဖြစ်ရာ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်း များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ပြီး၊ သစ်တောဦးစီးဌာနမှ ဦးဆောင်မှုဖြင့် ကုက္ကို၊ မယ်ဇယ်၊ ဗန်ဒါ၊ စိန်ပန်းကြီး၊ စိန်ပန်းလေး၊ မယ်ဇလီ စသည့် ပျိုးပင်ပေါင်း (၅၄၀)ပင်အား တက်ရောက် လာသူများက ပျိုးပင်များကို သတ်မှတ်နေရာ အသီးသီးတွင် စုပေါင်း စိုက်ပျိုးခဲ့ကြသည်။

 

မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအပြီးတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင် သည် အဆိုပါကျောင်း စာကြည့်တိုက်ခန်းမသို့ သွားရောက်ကာ ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှု လေ့လာနိုင်ရန် ဘာသာရေးနှင့် သက်ဆိုင်သည့်စာအုပ်များနှင့် သုတ/ရဿ စာအုပ်(၁၇၉) အုပ်အား ကျောင်းအုပ်ကြီးထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

မောင်ညီညာ(မကွေး)