ရေနံချောင်းမြို့၌ အပူဒဏ်ကာကွယ်ရေး မိုးရာသီ စုပေါင်း သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရေနံချောင်း ဇူလိုင် ၃

 

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ အပူဒဏ်ကာကွယ်ရေးနှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး အတွက် သစ်တောဦးစီးဌာနမှ ဦးဆောင်ကာ ဌာနဆိုင်ရာများစုပေါင်း၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက ရေနံချောင်းမြို့ မြို့ရှောင်လမ်း မိုင်တိုင်အမှတ် ၃၅၃/၇ တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ မြို့နယ် သစ်တောဦးစီးဌာနတာဝန်ရှိသူများက နှစ်ပေအမြင့်ရှိ စိုက်ပျိုးမည့်ပျိုးပင်များကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းအောင်၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးသန်းဌေး၊ ရဲမှူးသန်းနိုင်၊ ဦးတင်အောင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများထံသို့ ပေးအပ်ကြသည်။

 

ထို့နောက် တောအုပ်ဦးလှမြင့်က ပျိုးပင် မြေချစိုက်ပျိုးနည်းစနစ်များကို ရှင်းလင်းပြသခဲ့ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာဝန်ထမ်းများက ကုက္ကိုပင် ၁၀၀၊ မယ်ဇလီပင် ၁၀၀နှင့် ယူကလစ်ပင် ၁၀၀ စုစုပေါင်းအရိပ်ရပင် ၃၀၀ ကိုစုပေါင်းစိုက်ပျိုးကြသည်။

 

ထို့ပြင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၁ မိုးရာသီသစ်ပင်စိုက်ခင်းတွင်လည်း ကုက္ကိုပင် ၅၀၊ တမာပင် ၅၀ နှင့် မယ်ဇလီပင် ၅၀ တို့ကိုလည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေး မှူးနှင့် ဝန်ထမ်းများက စုပေါင်းစိုက်ပျိုးခဲ့သည်။

 

အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

 

စိုးသူအောင်