မြောက်ဦးမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးအတွက် ဖုံး၊ သွန်၊ လဲစစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မြောက်ဦး ဇူလိုင် ၂

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင် မိုးရာသီအတွင်း သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက်  ကြိုတင်ကာကွယ်ရေးလှုပ်ရှားမှုအဖြစ် ယနေ့နံနက် ၈ နာရီ မြို့ပေါ် ရပ်ကွက်များဖြစ်သော လက်ကောက်ဈေး ရပ်ကွက်၊ မြို့သစ်ရပ်ကွက်နှင့် ညောင်ပင်ဈေး ရပ်ကွက် တို့၌ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမ ဒေါ်ရီရီသန့် ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့် ရပ်မိရပ်ဖများက ရပ်ကွက်တစ်ခုတွင်အုပ်စုသုံးစုခွဲ၍ ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ သွားရောက်ပြီး ညောင်ရေအိုးများ၊ ပန်းအိုးများတွင် ပိုးလောက်လန်းမကျ ရောက်စေရန်အတွက် ဖုံး၊ သွန်၊ လဲစစ်လုပ်ငန်းများဆောင်ရွက်ခြင်း၊ ပိုးလောက်လန်းသေ (အဘိတ်ဆေး) ခတ်ခြင်း၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန် ရှိ/မရှိ စစ်ဆေးခဲ့ကြသည်။

ထို့နောက် ခြင်ကောင်ဖြစ်မှ နှိမ်နင်းခြင်းထက် ပိုးလောက်လန်းဘဝတွင်နှိမ်နင်းခြင်းဖြင့် သွေးလွန် တုပ်ကွေးရောဂါကို ပိုမိုထိရောက်စွာ ကာကွယ်နိုင်မည်ဖြစ်ပြီး နေအိမ်အနီးပတ်ဝန်း ကျင်များရှိ ခြင်ခိုအောင်းနိုင်သော ခြုံနွယ်ပင်များ၊ အမှိုက်သရိုက်များအားရှင်းလင်းရန် လိုအပ်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားစေသည့် အကြောင်းရင်းများနှင့် ရောဂါမဖြစ်ပွားအောင် ကြိုတင် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာ ကွယ်ရေးအသိပညာ ပေးခြင်းများ အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)