တောင်တွင်းကြီး ဇူလိုင် ၂
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ ရွှေမောဓောပရိယတ္တိစာသင်တိုက်ကြီး၏ ကျေးဇူး တော်ရှင်ဘဒ္ဒန္တကောဏ္ဍညာဘိဝံသ လွန်တော်မူသည့် (၃၂) နှစ်ပြည့် ကျေးဇူးဆပ် အထိမ်းအမှတ် ပွဲနှင့် နိုင်ငံတော်မှဘွဲ့တံဆိပ် ဆက်ကပ်ခြင်းခံရသည့် ဝိနယကောဝိဒ ဘွဲ့ရဆရာတော်(၁)ပါး၊ သာသနာဓဇဓမ္မာစရိယဘွဲ့ရ ဆရာတော်(၈)ပါး၊ သာမဏေကျော်ဘွဲ့ရဆရာတော် (၁)ပါးတို့အား ချီးကျူးဂုဏ်ပြု ပူဇော်ပွဲကို ယနေ့နံနက်(၈)နာရီက အဆိုပါကျောင်းတိုက်၌ ကျင်းပသည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး ကြွရောက်လာကြသော ဧည့်ပရိသတ်အပေါင်းက ဆရာတော်ကြီးများထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကျကာ ဆရာတော် သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်ခဲ့ကြပြီး အလှူရှင်ဒေါ်အေးအေးမြင့် (မိသားစု) ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှ ဆရာတော် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ဆတ်သွားဂန္ဓာရုံဘုံကျော်စာသင်တိုက်၊ တိုက်အုပ်စာချနာယကဆရာတော်က ဂုဏ်ပြု ပူဇော်ပွဲနှင့် ပတ်သက်သည့်သိမှတ်ဖွယ်ရာများကို မိန့်ကြားပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစည်သူရှိန်းနှင့် အဖွဲ့ဝင်များကဘွဲ့ရအရှင်မြတ် (၁၀)ပါးတို့အား ဘွဲ့လက်မှတ်များကို အသီးသီးဆက်ကပ်လှူဒါန်းကျကာ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌငှက်ပစ်တောင် ကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာတရားနာယူကြပြီး ရေစက်သွန်ချအမျှပေးဝေးခဲ့ကြောင်း သိရသည်။
နိုင်ဝင်း