ဂန့်ဂေါမြို့ မိုးလုံလေလုံအားကစားခန်းမ၌ ယာယီဆေးရုံဖွင့်လှစ်ပြီး ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာများအားထားရှိ

ဂန့်ဂေါ ဇူလိုင် ၂

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ မိုးလုံလေလုံအားကစားခန်းမ၌ ယာယီဆေးရုံကိုဖွင့်လှစ်ပြီး ဇူလိုင် ၁ ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၁၄)ဦးအား စတင်ထားရှိနေကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ဂန့်ဂေါမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများကို ကုတင်(၁၀၀)ဆံ့ခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် မိုးလုံလေလုံအားကစားခန်းမတို့တွင် တက်ရောက်ကုသနေသူ(၁၆၇)ဦး၊ ဟံသာဝတီဆေးရုံတွင် (၃၅) ဦးနှင့် မွှေ့လယ်ကျေးရွာ အ.ထ.က ကျောင်းတွင် ဆေးကုသမှုခံယူနေသူ (၈၃) ဦး စုစုပေါင်း (၂၈၅)ဦးနှင့် သေဆုံးလူနာ (၇)ဦးရှိကြောင်း သိရသည်။

ထို့ပြင် ဂန့်ဂေါမြို့၌ ပိုးတွေ့ထိစပ်သူများအား မြစ်သာခန်းမ၌ (၁၇) ဦးထားရှိကြောင်းနှင့် ဂန့်ဂေါမြို့နယ် ၌ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာများပြားသည့် ဟံသာဝတီကျေးရွာ၊ မွှေ့လယ်ကျေးရွာ၊ လုံဟော ကျေးရွာ၊ ရှုံးရှီကျေးရွာနှင့် မြို့မရပ်ကွက်တို့ကို Stay At Home အသွားအလာ ကန့်သတ်သည့် နေရာ များအဖြစ် သက်ဆိုင်ရာမှ သတ်မှတ်ထုတ်ပြန်ထားကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)