ဖျာပုံ ဇူလိုင် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အမာမြို့စိုက်ပျိုးရေး ဦးစီးဌာနမှ သိမ်းဆည်းခဲ့သော မြေယာများအတွက် လျော်ကြေး၊ နစ်နာကြေးနှင့် အသုံးမပြုသည့် မြေယာများအား မြေပိုင်ရှင်(၃)ဦးထံသို့ လျော်ကြေး၊ နစ်နာကြေးနှင့် မြေယာလွှဲပြောင်း ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင် ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိန်မောင်မြင့်တို့က အမှာစကား ပြောကြားကြပြီး တိုင်းစိုက်ပျိုးရေး ဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစိန်မောင်မြင့်က အမာမြို့ စိုက်ပျိုးရေး ဦးစီးဌာနမှ အသုံးပြုထားသော အမာမြို့(၄)ရပ်ကွက် နေသူရိန်လမ်းမကြီးနေ မြေပိုင်ရှင် ဦးစိုးနိုင်၏ ကွင်းအမှတ်(၉၂၇)၊ ဦးပိုင်အမှတ် (၁၀/၉/၄၄) ဧရိယာ (၀.၄၃)ဧကအတွက် နစ်နာကြေး၊ လျော်ကြေးငွေ ကျပ်(၉၇၃၆၀၀၀/-)နှင့် ဒေါ်မြင့်မြင့်တင် ကွင်းအမှတ် (၉၂၇)၊ ဦးပိုင်အမှတ် (၁၁)၏ မြေဧရိယာ (၀.၃၂) ဧက အတွက် နစ်နာကြေး၊ လျော်ကြေးငွေ ကျပ်(၉၃၄၃၀၀၀/-) စုစုပေါင်း လျော်ကြေးငွေ ကျပ်(၁၉၀၇၉၀၀၀/-)အား မြေပိုင်ရှင်များ လက်ဝယ် အရောက် ပေးအပ်ကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က ပိုလျှံငွေများ၏ မြေပိုင်ရှင်များ ဖြစ်ကြသော ဒေါ်မြင့်မြင့်တင်၏ မြေဧရိယာ (၀.၁၁)ဧက၊ ဦးစိုးနိုင်၏ မြေဧရိယာ (၀.၂၇)ဧကနှင့် ဦးမျိုးဦး၏ မြေဧရိယာ(၀.၀၈)ဧကတို့အား ကာယကံရှင်များထံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်ကြကြောင်း သိရသည်။
အောင်ဝင်းနိုင်(ခရိုင်ပြန်/ဆက်)