မိုင်းဖြတ် ဇူလိုင် ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀နာရီအချိန်ခန့် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးညီညီအောင် က အစည်းအဝေးကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များ၊ စည်းကမ်းများ၊ လိုအပ်ပါက ကျန်းမာရေး စစ်ဆေးရေးဂိတ်များကို မြို့ဝင်မြို့ထွက်များ၌ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများ၌ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊ ကော်မတီဝင်များအနေဖြင့် လူစည်ကားရာနေရာများတွင် အသိပညာပေး လုပ်ငန်းများ ပူးပေါင်းကွင်းဆင်း စစ်ဆေးနိုင်ရေး၊ ရောဂါကာကွယ်ရေး လုပ်ငန်းသုံးပစ္စည်းများ လိုအပ်သည့်အခြေအနေများ ကြိုတင်စုဆောင်းထားနိုင်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာရဲခေါင် က ကျန်းမာရေးဝန်ထမ်းများနှင့် ကျန်းမာရေးစစ်ဆေးရေးဂိတ်အတွက် လိုအပ်သည့် အထောက်အကူပြု ပစ္စည်းများ၊ စေတနာ့ဝန်ထမ်းများ လိုအပ်ချက်များနှင့် အခြားလိုအပ်ချက်များကို ရှင်းလင်းဆွေး နွေးခဲ့သည်။
ဆက်လက်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန် က အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ မြို့နယ်အတွင်း ရောဂါမကူးစက် မပြန့်ပွားအောင် အထူးအလေးထားရမည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းနောက် မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းအေးမင်း က မြို့မစျေးအတွင်း စျေးရောင်းစျေးဝယ်များအား နှာခေါင်းစည်း (Mask)များ စနစ်တကျတပ်ဆင်ရောင်းချနိုင်ရေး၊ စားသောက်ဆိုင်များ၊ တည်းခိုခန်းများတွင် ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းအသိပညာပေးမည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက်ကော်မတီ ဥက္ကဋ္ဌ က မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စာသင်ကျောင်းများဖွင့်လှစ်ထားသည့်အတွက် လုပ်ငန်းလိုအပ်ချက်များအရ Quarantine Centre များ ထားရှိပါက မြို့ပေါ်ရှိ ဘုရားကျောင်းများကို အသုံးပြုနိုင်ရေးအတွက် တာဝန်ရှိသူများ၏ သဘောတူညီချက်များကို ရယူခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် ကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဘာသာရေးအသင်းတော်များမှ တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။
သန်းထွန်းအေး