ဖြူး ဇူလိုင် ၁
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေးအတွက် အရှိန်အဟုန်မြှင့် အထူးကြပ်မတ် ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ (၁) ရက်နေ့၊ နံနက်(၉)နာရီအချိန်က ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး မြတ်မင်းမောင် ဦးဆောင်ကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်စောင့်ကြည့်ရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များက ဖြူးမြို့ရှိ ပဲခူးလမ်းနှင့် ဗိုလ်ချုပ်လမ်းဒေါင့်နေရာတွင် နှာခေါင်းစည်း (Mask) များအား အပြင်ထွက်လျှင် တပ်ဆင်သွားရန် အသိပညာပေးပြီး မတပ်ဆင် သူများအား အခုဝယ်အခုတပ်ဆင်စေခြင်းစနစ်ဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် စားသောက် ဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချမှုအခြေအနေများအား စစ်ဆေးခဲ့ကြောင်း သိရသည်။
အလားတူ ရပ်ကွက်နှင့်ကျေးရွာများတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လူတိုင်း မိမိနေအိမ်၌သာ နေထိုင်ကြရန်၊ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) ကို မဖြစ်မနေတပ်ရန်၊ တစ်ဦးနှင့်တစ်ဦး (၆) ပေအကွာ နေထိုင်ကြရန်၊ လက်ကို ဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာ ဆေးကြောကြရန်၊ ဖျားနာခြင်း အနံ့ပျောက်ခြင်းများ ဖြစ်ပေါ်လာပါက မိမိနေအိမ်တွင် နေထိုင်၍ သက်ဆိုင်ရာအုပ်ချုပ်ရေး မှူးထံသို့ အကြောင်းကြားရန်ဆိုသည့် အချက်များအား အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက် ပေးနေကြောင်း သိရသည်။
ဖြူးမြို့နယ်တွင် ယခုကာလအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူကျား/မပေါင်း (၁၇၅) ဦး၊ သေဆုံးသူကျား(၁)ဦး၊ မ(၁)ဦး အထိ ရှိလာသောကြောင့် တားဆီးကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် အထူးကြပ်မတ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနမှ သိရသည်။
နေမျိုးလွင်