ငဖဲ ဇူလိုင် ၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ဇီးတောကျေးရွာမှတောင်သူများအနေဖြင့် လယ်ယာ စိုက်ပျိုးရေးနှင့်ဥယျာဉ်ခြံမြေလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ကျေးရွာ၏အနောက် ဘက်ရှိ ကိုင်းမြေ ၁၁ဧကတွင် မြေအောက်ရေကိုအသုံးပြုပြီး တွန်ဂလာ ၆၉၂ ငရုတ်မျိုးကို စိုက်ပျိုး ထား ရာသီးနှံများအောင်မြင်ဖြစ်ထွန်း၍ ဈေးကောင်းရရှိလာရန် မျှော်လင့် လျက်ရှိကြောင်းသိရသည်။
တွန်ဂလာ ၆၉၂ ငရုတ်မျိုးစေ့များကို မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်ရှိ W7 သီးနှံမျိုးစုံ ရောင်းဝယ်ရေးကုမ္မဏီမှ တစ်ထုတ်လျှင် ငွေကျပ် ၆၀၀၀ ဖြင့်ဝယ်ယူရရှိကြောင်း၊အပင်ပေါက် ပျိုးရန်အတွက် ပျိုးဗန်းမှာမြေဩဇာထည့်သွင်းပျိုးရကြောင်း၊ ပျိုးပင်များ ရက် ၃၀ နှင့် ၄၅ ရက်သားကြား မှာစိုက်ပျိုးရန်ပြုလုပ်ပြီးသားဘောင်မှာမြေချစိုက်ပျိုးပြီး တစ်ပတ်တစ်ကြိမ်ခန့် ရေသွင်းပေးရကြောင်း၊ ပိုးသတ်ဆေး ဓာတုဆေးများလုံးဝမသုံးစွဲဘဲ မိမိကိုယ်တိုင်ပြုလုပ်ထားသည့် သဘာဝအားဆေးအဖြစ် လျှော်ဖြူစေး ၁Kg၊ ဆားခါး ၂၅ ကျပ်သား၊ကြက်ဥခွံမှုန့် ၁၀၀ Kg၊ ရေညှိ ၆၅ ကျပ်သား၊ဆန်ဆေးရည် အချဉ်ဖောက် ၁၃ လီတာ၊သကာရည် ၁လီတာနှင့် ဆားကြမ်း ၆၀ ကျပ်သားတို့ဖြင့်ပြုလုပ်ထားသည့် အားဆေးရည်ကို ပိုးရှောင်ခွာဆေးနှင့်အတူ အပင်ရက်သား ၇ရက်မှ တစ်လသားအတွင်း ၃ကြိမ်ဖြန်းပေးရပြီး သဘာဝမှိုဆေးကို တစ်လတစ်ကြိမ် ပက်ဖြန်း ပေးရသည်။
ငရုတ်မျိုးစေ့များကို တစ်ဧကလျှင် မျိုးစေ့ထုတ် ၈ထုတ်ခန့်ပျိုး၍စိုက်ပျိုးရပြီး အပင်သက်တမ်း ၃လပြည့်လျှင် အသီးများလှိုင်လှိုင်သီး၍စတင်ခူးဆွတ်နေရပြီဖြစ်ကြောင်း၊ ခူးဆွတ်ငှားရမ်းခအဖြစ် တစ်မနက်စာကို လုပ်သားတစ်ဦးလျင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် လုပ်သား ၁၀ဦးခန့်ငှားရမ်း ခူးဆွတ်ရပြီး ရင့်မှည့်၍ခူးဆွတ်ပြီးသော ငရုတ်သီးများကို W7 ကုမ္ပဏီ သို့ ချိတ်ဆက်ပြီး တစ်ပိသာကို ငွေကျပ် ၁၀၀၀ ဈေးခန့်သာပေါက်ဈေးဖြတ်၍ တင်ပို့ရောင်းချရမည်ဖြစ်ရာ ယခုထက် ဈေးကောင်းရရှိရန်မျှော်လင့်ကြောင်း၊ ပေါင်းထိုးခ၊ ခူးဆွတ်ငှားရမ်းခ နှင့် ကားခတင်ပို့စရိတ်များ နှုတ်လိုက်ရင် အမြတ်မကျန်ဘဲ အရှုံးပေါ်မှာ ဖြစ်၍ ယခုဈေးထက်ပိုမိုရောင်းချရမှသာ တောင်သူ အတွက် တွက်ခြေကိုက်မှာဖြစ်ကြောင်း၊ ကိုင်းမြေ ၁၁ ဧကမှာ ငရုတ်ပင်ပေါင်း ရှစ်သောင်း ကျော်စိုက်ပျိုးထားရာအရင်းအားဖြင့် ငွေကျပ် သိန်း ၈၀ ခန့်ကုန်ကျကြောင်း ဇီးတောကျေးရွာမှ ငရုတ်စိုက်တောင်သူ ဒေါ်မာမာမြင့် ကပြောကြားသည်။
ငဖဲမြို့နယ်တွင် တွန်ဂလာ ၆၉၂ ငရုတ်မျိုးများကို W7 ကုမ္ပဏီ နှင့်ချိတ်ဆက်ပြီး စိုက်ပျိုး ရောင်းချ လျက်ရှိရာ ငရုတ်စိုက်ပျိုးသူတောင်သူ ၇၉ ဦးနှင့် ငရုတ်စိုက်ဧက ၂၁၀ ခန့်ရှိကြောင်းသိရသည်။
မယု(ငဖဲ)