နတ်မောက် ဇူလိုင် ၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် နတ်မောက်မြို့နယ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မိသားစုများအား နိုင်ငံသားစိစစ်ရေးကတ် လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန်အတွက် ယမန်နေ့နံနက် (၁၀) နာရီအချိန်ခန့်က နတ်မောက်မြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းတွင် ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် နတ်မောက်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်းဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ရာတွင် ပါရှိရမည့် အထောက်အထားများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အသုံးဝင်မှုနှင့် ပျောက်ဆုံး/ ပျက်စီးမှု မရှိစေရေး စနစ်တကျ ကိုင်တွယ်အသုံးပြုရမည့် နည်းစနစ်များကို အသိပညာပေး ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။
အဆိုပါစခန်းအတွင်း၌ အသက် (၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် ကျား (၂) ဦး၊ မ (၁)ဦး၊ အသက် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် ကျား (၁)ဦး၊ မိတ္တူ ကျား(၄)ဦး ၊မ (၁)ဦး စုစုပေါင်း (၉)ဦး တို့အား အထောက်အထားများ စိစစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားအခမဲ့ ပြုလုပ်ဆောင်ရွက် ပေးခဲ့ပြီး အိမ်ထောင်စုလူဦးရေစာရင်း အသစ်ပြုလုပ်သူ မိသားစု(၃)စုတို့အတွက်လည်း စာရင်းများရယူပေးခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက် ပေးခြင်းကို ၂၀၂၁ ခုနှစ်၊ မေလ(၃)ရက်နေ့မှ စတင်ကာ ၂၀၂၁ခုနှစ်၊နိုဝင်ဘာလ (၃)ရက်နေ့အထိ ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးနေပြီ ဖြစ်ကြောင်း နတ်မောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးဝင်းသိန်းထံမှ သိရသည်။
သင်းသင်းမြတ်