ပဲခူး ဇူလိုင် ၁
ပဲခူးတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ရဲသူရိန်ခန်းမ၌ ကျင်းပပြုလုပ်သည့် တန်ဖိုးမြှင့်စားသောက် ကုန်နှင့် လူသုံးကုန်ထုတ်လုပ်မှု သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ယခု ဖွင့်လှစ်သင်ကြားပေးခဲ့ သည့် သင်တန်းသည် ပြည်ပ သွင်းကုန်အစားထိုး ဒေသထွက်သီးနှံ ပစ္စည်းများအား တန်ဖိုးမြှင့်ထုတ်ကုန် အဖြစ် ထုတ်လုပ်နိုင်ရေး သင်တန်းဖြစ်ပြီး လက်တွေ့မှာလည်း မိသားစုများ၏ တစ်ဘက်တစ်လမ်းမှ ဝင်ငွေ ရရှိနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းတွင် သင်ကြားတတ်မြောက်ခဲ့သည့် တန်ဖိုးမြှင့်ထုတ်ကုန် နည်းပညာများ အား မိမိတို့၏ လူမှုပတ်ဝန်းကျင်တွင်လည်း အကျိုးရှိစွာ အသုံးချစေလိုကြောင်း၊ ပြည်တွင်း၌ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်ရာတွင် သုသေတန လုပ်ငန်းများကိုလည်း တွဲဖက်ဆောင်ရွက်စေလိုကြောင်း၊ ဒါမှသာ သုံးစွဲသူပြည်သူများအနေဖြင့် အန္တရာယ်ကင်းရှင်းပြီး သက်သာသော နှုန်းထားဖြင့် တန်ဖိုးမြှင့် ထုတ်ကုန်များ ကျယ်ပြန့်စွာ သုံးစွဲလာနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက သင်တန်းသူများ ကိုယ်စား ဒေါ်မင်းမင်းစိုးအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ပြီး သင်တန်းသူ ဒေါ်အေးငြိမ်းဆုမှ ကျေးဇူးတင် စကား ပြန်လည်ပြောကြားကာ သင်တန်းသူတစ်ဦးမှ သင်တန်းတွင် ထုတ်လုပ်ထားသည့် တန်ဖိုးမြှင့် ထုတ်ကုန်များအား အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် သင်တန်း၌ လက်တွေ့ ဆောင်ရွက်ခဲ့သည့် တန်ဖိုးမြှင့် စားသောက်ကုန်နှင့် လူသုံးကုန်များ ခင်းကျင်းပြသထားမှုအား လှည့်လည်ကြည့်ရှုခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တန်ဖိုးမြှင့်စားသောက်ကုန်နှင့် လူသုံးကုန်များ ထုတ်လုပ်ခြင်း သင်တန်းအား ပဲခူးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဦးဆောင်၍ ဇွန်လ(၂၁)ရက်နေ့မှ ဇွန်လ(၃၀)ရက်နေ့အထိ သင်တန်းသူ (၂၀) ဦးအား စာတွေ့ ၃၀% လက်တွေ့ ၇၀% နှင့် Product၊ Quality Control၊ Packaging တို့ကိုပါ သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ဝဏ္ဏမောင်