ကျိုက်လတ်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ် သင်တန်းဖွင့်လှစ်

ကျိုက်လတ် ဇူလိုင် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် အစိုးရ စက်မှုလက်မှုသိပ္ပံတို့ ပူးပေါင်း ဖွင့်လှစ်သည့် ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခန့်က အစိုးရ စက်မှုလက်မှုသိပ္ပံ(ကျိုက်လတ်)၌ ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ကျိုက်လတ်မြို့နယ် အစိုးရ စက်မှုလက်မှုသိပ္ပံ ကျောင်းအုပ်ကြီး ဒေါက်တာ အောင်ဟိန်းလတ် က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်ထွန်းက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်နှင့် အသက်မွေး ဝမ်းကျောင်းဆိုင်ရာ ပညာရပ်များဖြင့် မိသားစုဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်သင်ကြားသွားရန်နှင့် သင်တန်း စည်းမျဉ်းစည်းကမ်းများကို လိုက်နာသင်ကြားသွားရန် ပြောကြား ခဲ့သည်။

ဆက်လက်၍ သင်တန်းနည်းပြဆရာမ ဒေါ်ကြည်ကြည်ဆွေက စက်ချုပ် နည်းပညာ အသုံးဝင်ပုံအကြောင်း ပြောကြားခဲ့သည်။ထို့နောက် သင်တန်း အထောက်အကူပြု ပစ္စည်းများကို တာဝန်ရှိသူများက သင်တန်းသူများအား ပေးအပ်ခဲ့သည်။

အဆိုပါ အခြေခံစက်ချုပ်သင်တန်းကို ကျိုက်လတ်မြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသူ(၃၀)ဦး တက်ရောက်ပြီး (၁-၇-၂၀၂၁)ရက်နေ့ မှစ၍ (၃၀-၇-၂၀၂၁)ရက်နေ့အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရီရီမြင့် (ပြန်/ဆက်)