ဒေးဒရဲမြို့၌ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု လက်သမား၊ပန်းရံသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ဒေးဒရဲ ဇူလိုင် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် အသက်မွေးဝမ်းကြောင်းအထောက်အကူပြု လက်သမား၊ပန်းရံ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒေါက်တာလှိုင်ဘုန်းမြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စွာမြင့်က ကျေးလက်နေပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားစေရန်နှင့် တစ်ပိုင်တစ်နိုင်အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု လက်သမား၊ပန်းရံ သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းဆင်းပွဲသို့ မြို့နယ်ဌာနဆိုင်ရာများနှင့် သင်တန်းသား(၂၀)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အေဇာလင်း