ဆော ဇူလိုင် ၁
မကွေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှု ကော်မတီမှ ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျော့ချရေးနှင့် အစားထိုးအသုံးပြုရေး လမ်းညွှန်ချက်နှင့်အညီ (SUNDAY STOP) လှုပ်ရှားမှုအဖြစ် ယမန်နေ့ နံနက်ပိုင်းက ဆောမြို့ ယာယီပျံကျစျေးနှင့် မြို့မစျေးကြီးတို့တွင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်နိုင် ဦးဆောင်သော ဝန်ထမ်းများ၊ စည်ပင်သာယာရေးကော်မတီဝင်များက ဆောမြို့နယ်အတွင်း တနင်္ဂနွေနေ့တိုင်း စျေးများတွင် ကြွပ်ကြွပ်အိတ်မသုံးရဟု သတ်မှတ်ထားရှိပြီး ကြွပ်ကြွပ်အိတ် အသုံးပြုခြင်း၏ ဆိုးကျိုးများ အသိပညာပေးဟောပြောပေးခြင်း၊ ကြွပ်ကြွပ်အိတ်ဖြင့် ဝယ်ယူ လာသော ပစ္စည်းများအား အစားထိုးလဲလှယ်ပေးခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် စျေးရောင်းစျေးဝယ်သူများအား ကြွပ်ကြွပ်အိတ်သုံးစွဲမှု လျော့ချရေးနှင့် အစားထိုး အသုံးပြုရေး လမ်းညွှန်ချက် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို (SUNDAY STOP) လှုပ်ရှားမှုအဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဇော်ကြီး(ဆော)