တစ်နိုင်တစ်ပိုင် မြက်တံမြက်စည်း ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစု စားဝတ်နေရေးအဆင်ပြေ

မင်းဘူး   ဇူလိုင်  

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် အမှတ် (၄) ချမ်းသာကြီးရပ်ကွက်တွင်  မိသားစု တစ်နိုင်တစ်ပိုင် တံမြက်စည်း ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း တံမြက်စည်း ပြုလုပ်ရောင်ချသည့် မိသားစုများထံမှ သိရသည်။ 

တံမြက်စည်းပြုလုပ်ရာတွင် ကုန်ကြမ်းအဖြစ် မြက်ထုံး၊ ဝါး၊ လျှော်ကြိုး၊ သံ၊ ကြေးနန်းခွေ၊ ကော်စွပ်တို့ဖြင့် ပြုလုပ်ကြပြီး မြက်ထုံးများ၊ ဝါးများကို ဂုတ်ကြီး၊ အမ်းမြို့များမှ ဝယ်ယူကာ မြက်တစ်ထုံးလျှင် ကျပ် ၈၀၀၀၊ ဝါး ၁၀၀ စည်းတစ်စည်လျှင် ကျပ် ၁၂၀၀၀ ပေရကာ ကြေးနန်းကြိုးခွေ၊ ပလပ်စတစ်ကြိုး၊ သံနှင့် ကော်စွပ် များကို မင်းဘူးဈေးမှ ဝယ်ယူ၍ ကော်စွပ်တစ်ခု ၂၀ ကျပ်၊  ပလပ်စတစ်လျှော်ကြိုးတစ်ခင် ၅၀၀ ကျပ်၊ ကြေးနန်းကြိုးတစ်ခွေ ၁၀၀၀ ကျပ်၊ သံတစ်ဆယ်သား ၄၀၀ ကျပ်ဖြင့် ဝယ်ယူ၍ ယောကျ်ားလေး ၅ ယောက်၊ မိန်းကလေး ၅ ယောက်တစ်နေကုန် ပြုလုပ်ပါက တံမြက်စည်းအချောင်းရေ ၁၀၀၀ ကျော်အထိပြီးသည်။ 

တံမြက်စည်း ရောင်းဈေးများမှာ သုံးမျိုးရှိပြီး ဝါးရိုးတံမြက်စည်း အတိုတစ်ချောင်းလျှင် ၁၀၀၀ ကျပ်၊ အရှည်တစ်ချောင်းလျှင် ၁၅၀၀ ကျပ်၊ မြက်ပင်များကိုစုစည်းပြီး ပြုလုပ်ထားသော စုတ်ပွတံမြက်စည်း တစ်ချောင်းလျှင် ၈၀၀ ကျပ်ဖြင့် ရောင်းချရသည်။ လုပ်အားခများအနေဖြင့် တံမြက်စည်း တစ်ချောင်းပြီးလျှင် ၆၀ ကျပ် ပေးထားကာ တံမြက်စည်း ပြုလုပ်၍ပြီးသည့် အရေအတွက်အပေါ် မူတည်ကာ လုပ်အားခ ရှင်းပေရသည်။ ယောကျ်ားလေး၊ မိန်ကလေးတစ်နေ့ ၆၀၀၀ ကျပ်ရရှိ၍ တံမြက်စည်းလုပ်သူ အလုပ်သမားများမှာ အဆင်ပြေကြသလို တံမြက်စည်း လုပ်ငန်းရှင်များမှာလည်း တစ်နိုင်တစ်ပိုင် မိသားစု လုပ်ငန်းလေးဖြစ်၍ နိုင်နိုင်နင်းနင်း လုပ်နိုင်သည့်အပြင် အမြတ်များများ မယူဘဲ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ရောင်းချနိုင်သဖြင့် အဆင်ပြေလျက်ရှိကြောင်း  တံမြက်စည်း လုပ်ကိုင်ရောင်းချသူ ဦးမင်းဇော်ထံမှ သိရသည်။ 

ဇေယျာထက် (မင်းဘူး)