မိုင်းဆတ် ဇွန် ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးခြင်းလုပ်ငန်းများတွင် ပါဝင်ကူညီမည့် စေတနာ့ဝန်ထမ်းများနှင့် တွေ့ဆုံခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က အိမ်နီးချင်းနိုင်ငံများနှင့် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွားနေမှု၊ မိုင်းဆတ်မြို့နှင့် မိုင်းတုံမြို့တို့တွင် ကိုဗစ်-၁၉ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ Quarantine Centre များ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ နယ်စပ်ဂိတ်များမှ တရားမဝင် ဝင်ရောက်လာသူများနှင့် Quarantine ထားရှိသူများအား ဒေသခံပြည်သူများအနေဖြင့် စောင့်ကြည့်ရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးခြင်းလုပ်ငန်းများတွင် ပါဝင်ကူညီမည့် စေတနာ့ဝန်ထမ်းများအနေဖြင့် ကိုယ်တိုင်ကူးစက်ခံရမှု မဖြစ်စေရန် သတိရှိရှိ ကူညီဆောင်ရွက်ရေး အမှာစကားပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရးမှူးများ၊ ရပ်မိရပ်ဖများနှင့် စေတနာ့ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဝိုင်းဝန်းဆွေးနွေး တင်ပြခဲ့ကြပြီး ခရိုင်ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေး စာရေးများနှင့် စေတနာ့ဝန်ထမ်း(၅၆)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)