သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုး ၁၇ ဦး ထပ်မံတွေ့ရှိ

သာစည် ဇွန် ၃၀

မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ပြည်ညောင်ကျေးရွာအုပ်စု၊ တန်(၁၂၀၀)၊ အမှတ်(၃) ဘိလပ်မြေ စက်ရုံတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း အမျိုးသား(၆)ဦးနှင့် အမျိုးသမီး(၁၁)ဦးတို့တွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူများထဲမှ အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၃)ဦး တို့သည် ကိုယ်အပူချိန် မြင့်တက်နေမှုကြောင့် ကျန်းမာရေးစစ်ဆေးမှုခံယူရန် သာစည်မြို့နယ် ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်၍ RTD test kit ဖြင့် စစ်ဆေးခဲ့ရာမှ ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်ပြီး သာစည်မြို့ ပြည်သူ့ဆေးရုံကြီးတွင် Hospital Quarantine ထားရှိထားပြီး ၎င်းတို့နှင့် ထိတွေ့မှုရှိသူ မိသားစုဝင် များအား မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ RTD test kit ဖြင့် ဆက်လက် စစ်ဆေးခဲ့ရာ အမျိုးသား(၄)ဦးနှင့် အမျိုးသမီး(၈)ဦးတို့တွင် ပိုးထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။

သာစည်မြို့တွင် ယနေ့ ပိုးတွေ့ရှိသူ(၁၇)ဦး အပါအဝင်ဇွန်လ(၂၅)ရက်က ပိုးတွေ့ရှိသူ (၂)ဦး၊ စုစုပေါင်း (၁၉)ဦးထိရှိပြီး ၎င်းပိုးတွေ့ရှိသူများအား သာစည်မြို့နယ် ပြည်သူ့ ဆေးရုံကြီးတွင် Hospital Quarantine ထားရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)