ကျောက်ဆည်မြို့တွင် ကြက်မင်းတွန်ရပ်ကွက်မှ ဇော်ဂျီမြစ်အတွင်းသို့ ရေထုတ်သည့် အဆောက်အဦ(၃)ခုပြုပြင်

ကျောက်ဆည် ဇွန် ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် မေ(၁)ရက်နေ့က ဇော်ဂျီမြစ်ရေ ကြီးမှုကြောင့် ကြက်မင်းတွန် ရပ်ကွက်မှ ဇော်ဂျီမြစ်အတွင်းသို့ ရေထုတ်သည့် အဆောက်အဦ(၃)ခု ပျက်စီးခဲ့ရာ မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ယူပြီး ဇွန်(၂၀)နေ့မှ စတင်ကာ ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထိုသို့ပြုပြင်ရာတွင် နိုင်ငံတော်ခွင့်ပြုရန်ပုံငွေကျပ်(၁၂)သန်းဖြင့် ရေထုတ် အဆောက်အဦ အမှတ်(၁)မှ ရေထုတ်ပြွန် ဘေးဝဲ/ယာတွင် ဂျင်းကျောက်မြေဖို့ပြီး အရှည်(၂၃)ပေ၊ အမြင့်(၂၃)ပေ မြစ်နှုတ်ခမ်း ကျောက်ဆလံစီခြင်းနှင့် (၁၀)ဂိတ်၊ (၃)ပေပတ်လည်သံပြား ရေတံခါးအသစ်(၁)ခုတပ်ဆင်ခြင်း၊ ရေထုတ် အဆောက်အဦ အမှတ်(၂)မှ ရေထုတ်ပြွန် ဘေးဝဲ/ယာတွင် ဂျင်းကျောက်မြေဖို့ပြီး အရှည်ပေ(၂၀)၊ အမြင့်(၂၃)ပေ ကျောက်ဆလံ စီခြင်း၊ (၁၀)ဂိတ် (၃)ပေပတ်လည်သံပြား ရေတံခါး(၁)ခုနှင့် (၃)ပေ၊(၂)ပေခွဲ ရေတံခါး(၁)ခု အသစ်တပ်ဆင်ပေးခြင်း၊ ရေထုတ် အဆောက်အဦ အမှတ်(၃)တွင် (၃)ပေ၊(၂)ပေခွဲ (၁၀)ဂိတ်သံပြား ရေတံခါး(၁)ခု အသစ် တပ်ဆင်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများ (၅၀)ခိုင်နှုန်း ပြီးစီပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေထုတ်အဆာက်အဦများ ပြုပြင်ပြီးစီးပါက မိုးရာသီတွင် ဇော်ဂျီမြစ်ရေ မြင့်တက်မှုကြောင့် ကြက်မင်းတွန် ရပ်ကွက်အတွင်း မြေနိမ့်ပိုင်များသို့ မြစ်ရေ ဝင်ရောက်မှုမှ တားဆီးကာကွယ်နိုင်ခြင်းနှင့် ရပ်ကွက် အတွင်းမှ မလိုရေများ မြစ်အတွင်းသို့ အလွယ်တကူ ထုတ်ပေးခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)