ပွင့်ဖြူမြို့နယ်ကံဆွယ်ကျေးရွာတွင် ကျေးရွာဝန်းကျင်စိမ်းလန်းစိုပြည်စေရေး အရိပ်ရပင်များ စုပေါင်းစိုက်ပျိုး

ပွင့်ဖြူ ဇွန် ၃၀

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ယမန်နေ့ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့နယ် ကံဆွယ်ကျေးရွာရှိ ဒေသခံ ပြည်သူများနှင့် ပူးပေါင်းပြီး ကျေးရွာဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရေးအတွက် အရိပ်ရသစ်ပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရ သည်။

ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေ တိုးပွားရေးနှင့် ကျေးလက်လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး အတွက် မြစိမ်းရောင် ကျေးရွာစီမိကိန်းလုပ်ငန်း ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလုပ်ငန်းများနှင့် အစိမ်းရောင်ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့်အပြင် ကျေးရွာဝန်းကျင် စိမ်းလန်း စိုပြည်စေရေးအတွက် ကျေးရွာနေပြည်သူများနှင့် ပူးပေါင်း၍ မိုးရာသီ အရိပ်သစ်ပင်များ စိုက်ပျိုးခြင်းကိုလည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ထံက သိရသည်။

ယမန်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ကံဆွယ်ကျေးရွာတွင် ဒေသခံပြည်သူများ ရာသီဉတု အပူဒဏ် ကာကွယ်နိုင်ရန်နှင့် ကျေးရွာဝန်းကျင်စိမ်းလန်းစိုပြည်စေရေးအတွက် ရည်ရွယ်၍ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က ကျေးရွာနေပြည်သူများနှင့် ပူးပေါင်းပြီး ကျေးရွာကုန်ထုတ်လမ်းတစ်လျှောက် လမ်းဘေး(ဝဲ ၊ ယာ)တွင် အရိပ်ရပင်များ ဖြစ်သည့် မဲဇလီပင် ၁၀၀ ၊ ကျွန်းပင် ၁၀၀ ၊ ကုက္ကို ၁၀၀ ပင် ၊ စုစုပေါင်း အရိပ်ရပင် ၃၀၀ အား တစ်ပျော်တစ်ပါး စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရကာ အဆိုပါ အရိပ်ရပျိုးပင်များကို မြို့နယ်သစ်တောဦးစီးဌာနမှ လူထုဖြန့်အစီအစဉ်ဖြင့် ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )