နတ်မောက် ဇွန် ၃၀
မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ် ကျေးရွာများမှ တောင်သူအချို့သည် ပဲတိုင်ထောင်(ခေါ်) တိုင်ထောင်ပဲသီးနှံကို စိုက်ပျိုးလျက်ရှိရာ ယခုအခါစားသုံးသူစျေးကွက်တွင် အရောင်းသွက်လျက် ရှိကြောင်း သိရသည်။
ယခုစျေးကွက်တွင် တင်ပို့ရောင်းချနေသော ပဲတိုင်ထောင်သီးနှံကို သင်္ကြန်အပြီး ဧပြီလ ၂၀ရက် ကျော်ခန့်တွင် ရေသွင်းစိုက်ပျိုးခဲ့ကြောင်း၊ သီးနှံစိုက်ပြီး (၆၅)ရက်သားအရောက်တွင် ပဲတိုင် ထောင်များဆွတ်ခူး၍ စျေးကွက်သို့တင်ပို့ခဲ့ရာ ပဲတိုင်ထောင် တစ်ပိဿာ (၁၅၀၀)ကျပ်နှုန်း အထိရောင်းချရပြီး ယခုအခါ တစ်ပိဿာ (၁၀၀၀)ကျပ်နှုန်းဖြင့် တွင်တွင်ကျယ်ကျယ် ရောင်းအား ကောင်းနေကြောင်း စိုက်ပျိုးသူတောင်သူ ဒေါ်စန်းရွှေ ကပြောသည်။
“ ကျွန်တော့်တို့ကတော့ မီးဖိုချောင်သုံးသီးနှံဖြစ်တဲ့ ပဲတိုင်ထောင်ကို နှစ်စဉ်စိုက်ပျိုးတယ်၊ မျိုးစေ့တစ်ထုပ်ကို (၄၅၀၀)ကျပ်ပေးဝယ်ခဲ့ရတာပါ၊ အပင်ပေါက်နှုန်းလည်းကောင်းပါတယ် ၊ မျိုးစေ့ တစ်ထုပ်တွင် ပဲတိုင်ထောင်အစေ့အရေအတွက် (၅၀၀)လောက်ပါပါတယ်၊ မြေစနစ်တကျပြုပြင်၊ ဘောင်အသေးစား လုပ်၊ ပဲပင်တွေအပေါ်တတ်နိုင်အောင် တိုင်ထောင်ပေးပြီးစိုက်ပျိုးထားတာပါ ၊ယခုကျွန်တော် တိုင်ထောင်ပဲ တစ်ထုပ်စိုက်ပျိုးထားတာ တစ်ကြိမ်ခူးဆွတ်ရင် ခြောက်ပိဿာကနေ ရှစ်ပိဿာအထိ ထွက်ပါပြီ ၊(၂)ရက်တစ်ကြိမ် ပဲတိုင်ထောင်ကိုခူးဆွတ်ရပါတယ်၊ (၄)ရက် လောက် မဆွတ်ပဲထားရင် အသီးပွကုန်တော့ စားသုံးသူတွေက မကြိုက်ကြဘူး”ဟု န-လက္ခုပ္ပင်ရွာ က ကိုငြိမ်းကပြောသည်။
နတ်မောက်မြို့နယ်တွင် ပုံမှန်အားဖြင့်မိုးနည်းသော ဒေသဖြစ်သဖြင့် မိသားစုဝင်ငွေရရှိရေးအတွက် ယခင်စိုက်ပျိုးနေကြ ဆီးထွက်သီးနှံများအပြင် ယခုကဲ့သို့ မီးဖိုချောင်သုံးသီးနှံများကိုပါ ပူးတွဲစိုက်ပျိုး လာကြသဖြင့် အထိုက်အလျောက် မိသားစုဝင်ငွေရရှိနေကြကြောင်းသိရသည်။
မူမူစန်း (နတ်မောက်)