မင်းဘူး ဇွန် ၃၀
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ အမှတ် ( ၃ ) ရပ်ကွက်ရှိ ဦးဩဘာသလမ်းကို ယမန်နေ့ မနက် ၈ နာရီအချိန်က ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်လမ်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ်၂၃.၂၃ သန်းဖြင့်၊ အရှည် ၅၇၈ ပေ၊ အကျယ် ၁၈ ပေ၊ ထု ၉ လက်မဖြင့် KO MOE (MDY) Co,Ltd သည် ၂၀၂၁ ဇွန် ၂၉ ရက်မှစတင်ကာ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
မင်းဘူးမြို့နယ် အနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ကွန်ကရစ်လမ်းခင်းခြင်း၊ ကတ္တရာလမ်း ထပ်ပိုးလွှာများခင်းခြင်း၊ ရေနုတ်မြောင်းများ တူးဖော်ခြင်းနှင့် ပြုပြင်ခြင်းများ အပါအဝင် အခြားလုပ်ငန်း အချို့ကိုလည်း ဆောင်ရွက်နေပြီဖြစ်ကြောင်း မင်းဘူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးထွန်းကိုကိုက ပြောသည်။
အဆိုပါ အမှတ် ( ၃ ) ရပ်ကွက်မှ ဦးဩဘာသလမ်းသည် မိုးတွင်းကာလတွင် ချိုင့်ခွက်များ၊ ရေဗွက်များ ကြောင့် ဆိုင်ကယ်နှင့် ကားများ သွားလာရန် ခက်ခဲပြီး ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက် ပြီးစီးပါက အမှတ် ( ၃ ) ရပ်ကွက်မှ ပြည်သူများနှင့် ဓာတ်တော်ကုန်း ဘုရားသို့ ဘုရားဖူးလာကြသော အနယ်နယ် အရပ်ရပ်မှ ခရီးသွားပြည်သူများ သွားရေးလာရေး အဆင်ပြေပြေ သွားလာဖူးမြော် နိုင်တော့မည်ဖြစ်ကြောင်းလည်း သိရသည်။
ဇေယျာထက် (မင်းဘူး)