စစ်ကိုင်း ဇွန် ၃၀
၂၀၂၁ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးဖလား ခရိုင်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ဖူဆယ်ပြိုင်ပွဲတွင် တံခွန်စိုက်ဆု ရရှိခဲ့ကြသော စစ်ကိုင်းခရိုင် ကိုယ်စားပြု အမျိုးသား/ အမျိုးသမီး ဖူဆယ်အသင်းများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ(၄) နာရီခွဲက စစ်ကိုင်းနှစ်(၇၀၀)ကွင်းရှိ ဖူဆယ်ပြိုင်ပွဲရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆုချီးမြှင့်ပွဲတွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသိန်းဇံက အားကစား သမားနှင့် မိတ်ဆက်ပေးခဲ့ပြီး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ရမှု အခြေအနေများကို ရှင့်လင်း ပြောကြားကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်က စစ်ကိုင်းခရိုင်ကိုယ်စားပြု အောင်ပွဲရရှိခဲ့တဲ့အတွက် အလွန်အင်မတန်မှ ဝမ်းသာပီတိဖြစ်ပါကြောင်း၊ အားကစားသမားများကိုလည်း ဂုဏ်ယူအားပေးပါကြောင်း၊ အဓိကပြောကြားလိုတာကတော့ အားကစားစိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်သွားကြစေလိုကြောင်း၊ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်သွားကြမည်ဆိုလျှင် အောင်မြင်မှုဟာ လက်တစ်ကမ်းအကွာ မှာရှိကြောင်း၊ လာမဲ့ အားကစားမျိုးစုံ ပြိုင်ပွဲများတွင်လည်း အားကစားစိတ်ဓာတ်အရင်းခံပြီး ပါဝင်ယှဉ် ပြိုင်သွားကြစေလိုကြောင်း စသည်ဖြင့် ဂုဏ်ပြု စကားပြောကြားခဲ့သည်။
ဆက်လက်၍ အားကစားသမားများက အောင်ပွဲရရှိခဲ့သည့် တံခွန်စိုက်ဆုများကို ပြန်လည်အပ်နှံရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လက်ခံပေးပြီး တာဝန်ရှိသူများက အောင်ပွဲရ အားကစားသမား များအား ငွေသားဆုများနှင့် ဂုဏ်ပြုလွှာများ အသီးသီးပေးအပ်ခဲ့ကြကြောင်းသိရသည်။
ဇော်မြင့်နိုင်