မော်လမြိုင် ဇွန် ၂၉
မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ မော်လမြိုင်မြို့ရာမညဟိုတယ်၌ ယနေ့နံနက်၁၀နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိ ပညာပေးဆွေးနွေးပွဲကျင်းပခဲ့ရာ ပြည်နယ်ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာနမှူး ဦးသန်းထွဋ်ခိုင်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းနှင့် တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များ တက်ရောက်သည်။
ဆွေးနွေးပွဲတွင် ပြည်နယ်ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာနမှူး ဦးသန်းထွဋ်ခိုင်က ကိုဗစ်−၁၉ ရောဂါကြောင့် ခရီးသွားလုပ်ငန်းများ ပြန်လည်ကုစားမှုအစီအစဉ်အဖြစ် မဟာဗျူဟာ (၃) ရပ်ဖြစ်သည့် ပထမအဆင့်ဆက်လက်ရပ်တည်နိုင်ရေး (Survival)၊ ဒုတိယအဆင့် ပြန်လည်ဖွင့်လှစ်ခြင်း (reopening) နှင့် တတိယအဆင့်ပြန်လည်မိတ်ဆက်ခြင်း (relaunching) တို့ကို ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ယခုလက်ရှိ မွန်ပြည်နယ်တွင် ဟိုတယ်လုပ်ငန်း (၇၀) ရှိပြီး ကိုဗစ်-၁၉ စည်းကမ်း သတ်မှတ်ချက် အညီ ဖွင့်လှစ်နိုင်သည့် ဟိုတယ်လုပ်ငန်း(၁၃)ခုရှိပါကြောင်း၊ ကျန်ရှိသည့်ဟိုတယ်များ စည်းကမ်း သတ်မှတ် ချက်အညီ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိိကြောင်းနှင့် မွန်ပြည်နယ် ဟိုတယ်လုပ်ငန်းရှင်များဆိုင်ရာ ဉက္ကဋ္ဌဦးချန်ထွန်းက ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့် ကိုဗစ်-၁၉ကာလအတွင်း ဟိုတယ်များ ဖွင့်လှစ်ရာ တွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ သန့်ရှင်းရေးအဓိက အလေးထားဆောင်ရွက်ရေးတို့ဖြင့် အဖွင့်အမှာစကားများ ပြောကြားသည်။
ဆက်လက်၍ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာနန္ဒဝင်းက ကိုဗစ်-၁၉ ရောဂါသည် အခြားရောဂါများနှင့်မတူဘဲ ဖြစ်ပွားစေတတ်သဖြင့် လူတစ်ဦးမှတစ်ဦးသို့ ရောဂါကူးစက် ပြန့်ပွားမှုလျင်မြန်ကြောင်း လူတိုင်းတစ်ကိုယ်ရည်သန့်ရှင်းရေး အလေးထားဆောင်ရွက်ရန် လိုကြောင်းအထူး သဖြင့် ကိုဗစ်-၁၉ရောဂါသည် သက်ကြီးရွယ်အိုများဖြစ်ပွားပါက အသက်သေဆုံးသည်ထိ ဖြစ်ပွားနိုင်ကြောင်း အသိပညာပေးခြင်းနှင့် ဟိုတယ်လုပ်ငန်းများတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ကြရေးဆွေးနွေးပေးပြီး တက်ရောက်လာသော ဟိုတယ်လုပ်ငန်းရှင်များ သိရှိစေရန် ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များ၊ စည်းကမ်းသတ်မှတ်ချက်များ၊ ဆောင်ရွက်ထားရမည့် အချက်များကို ပရိုဂျက်တာဖြင့် အသေးစိတ်ရှင်းလင်းပေးသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်းဖြင့် ပြည်သူတစ်ဦးမှ တစ်ဦးသို့ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် အသိ/သတိဖြင့် လိုက်နာဆောင်ရွက်ရမည့် အချက်များကို သိရှိ စေလိုသော ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)