ငါးသိုင်းချောင်း ဇွန် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ ငဝန်ရေကာတာ၊ ဗောဓိရေကင်း စခန်းအနီး တာမိုင်(၄၆/၅)တွင် ယနေ့နံနက်ပိုင်းက မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန အစီအစဉ်ဖြင့် မိုးရာသီရေဘေးကာကွယ်ရေး သရုပ်ပြပွဲကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်ဝင်း၊ မြို့နယ်နှင့်မြို့အဆင့်ဌာနဆိုင်ရာများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် ငါးသိုင်းချောင်းမြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းမော်က မြေသားရေကာတာ၌ ရေကာတာ ရေယိုစိမ့်ပေါက် ရေခွေကတုတ်ရိုက် ပြုပြင်ခြင်း၊ တာအိတာလျောထိန်းသိမ်းခြင်း၊ သဲအိတ်ဆင့်ပြုပြင်ခြင်းနှင့် မြစ်ရေကြီးမြင့်စဉ် (အရေးပေါ်အခြေအနေ) ရေကာတာ ထိန်းသိန်းပြုပြင်ခြင်း နည်းလမ်းများကို လက်တွေ့ရှင်းလင်း သရုပ်ပြဆောင်ရွက်ခြင်းနှင့် ရေကာတာ ထိန်းသိမ်းပြုပြင်ရေး အသိပညာပေး မြေစိုက်ဘုတ်များ စိုက်ထူပြသခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ အစရှိသည့် မိုးရာသီရေဘေးကြိုတင် ကာကွယ်ရေး နည်းလမ်းများကို လက်တွေ့ရှင်းလင်း သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့၊ ငဝန်မြစ်ရေသည် ယနေ့နံနက်ပိုင်း၌ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၊ ငဝန်ရေကာတာ၏ စိုးရိမ်ရေအမှတ်(၂၈)ပေသို့ ရောက်ရှိရန် (၁၅)ပေခန့်အလို၊ (၁၃ဒဿမ၃)ပေတွင် ရောက်ရှိနေကြောင်း သိရသည်။
စိုးမင်းဦး(ပြန်/ဆက်)