မိုင်းဖြတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ဆောင်ရွက်

မိုင်းဖြတ် ဇွန် ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)၏ စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြိုနယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌   ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် စာရေးဆရာ(ဝတီနွယ်)က စာပေအကြောင်းသိကောင်းစရာများ၊ စာပေဖတ်ရှုရခြင်း၏ အကျိုးကျေးဇူးများ နှင့် သုတ၊ ရသအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍   စာဖတ်ဝိုင်းကို ဆက်လက် ကျင်းပပြုလုပ်ရာ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်  ဒုတိယမြို့နယ် ပညာရေးမှူး ဦးစိုင်းလောဝ်ခေးက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် သမီးတို့၏အနာဂတ် စာအုပ်ပါ “လူငယ်နှင့် ပန်းတိုင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မအိန္ဒြေမင်းသန့်က စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် ခေါင်းဆောင်မှုပညာ သိကောင်းစရာ စာအုပ်ပါ “ခေါင်းဆောင်မှု အရည်အသွေးနှင့် စိတ်ပညာ" ဆောင်းပါးဖြင့် လည်းကောင်း၊ မသွန်းရွှေအိမ်က “လက်တစ်ကမ်းရှိ တက်လမ်း” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအေး