ဒေးဒရဲ ဇွန် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်၊ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း ပါးစပ်နှာခေါင်းစည်း တပ်ဆင်သည့် အလေ့အကျင့်ဖြစ်စေရန် ရည်ရွယ်၍ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက စည်ပင်သာယာ မြို့မဈေးအတွင်းနှင့် လူစည်ကားရာ နေရာများတွင် Mask Campaign လှုပ်ရှားမှုများအဖြစ် ပါးစပ် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ Mask Campaign လှုပ်ရှားမှုအဖြစ် ပါးစပ်နှာခေါင်းစည်းများအား အခမဲ့ဖြန့်ဝေပေးခြင်းကို မြို့နယ် ကိုဗစ်−၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်ကျော် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ ပူးပေါင်း၍ လူစည်ကားရာ နေရာများနှင့် စည်ပင်သာယာ မြို့မဈေးအတွင်း ဈေးရောင်းချသူများနှင့် ဈေးဝယ် လာသူများအား ပါးစပ်နှာခေါင်းစည်းများ ဖြန့်ဝေပေးခဲ့ပြီး ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာပါက ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်သွားလာကြစေရေး၊ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရမှုမရှိစေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရန်၊ ရှောင်ရန်များအား လိုက်နာ ဆောင်ရွက်ကြစေရေး အသိပညာပေး ပြောကြား ခဲ့ကြောင်း သိရသည်။
မြင့်မြင့်ခိုင်