မုံရွာ ဇွန် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးပြီး အများပြည်သူ ငါးရိက္ခာတိုးပွားစေရန်အတွက် ရည်ရွယ်၍ ချင်းတွင်းမြစ်အတွင်းသို့ ပထမအကြိမ် ငါးမျိုးများစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၉) နာရီက မုံရွာမြို့ သလ္လာရပ်ကွက် ကမ်းနားလမ်း ချင်းတွင်းမြစ်ဘေး၌ ကျင်းပရာ မုံရွာခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးမောင်မောင်၊ ခရိုင်/မြို့နယ် ငါးမျိုးစိုက် ကြီးကြပ်မှူးကော်မတီဝင်များ၊ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မုံရွာခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးမောင်မောင်နှင့် တာဝန်ရှိသူများက ချင်းတွင်းမြစ်အတွင်း သဘာဝ မြစ်ချောင်းများမှ ငါးသယံဇာတများတိုးပွား စေရန် ရှင်သန်နှုန်းကောင်းမွန်သော နှစ်လက်မ အရွယ်ရှိ ငါးသား ပေါက်များအဖြစ် ငါးမြစ်ချင်းငါး (၁၅၀၀၀၀)ကောင် ငါးခုံးမကြီး ငါး (၁၅၀၀၀၀)ကောင်နှင့် ရွှေဝါ ငါးကြင်းငါး (၅၀၀၀၀)ကောင် စုစုပေါင်း ငါးအရေအတွက် (၃၅၀၀၀၀)ကောင်ကို ပြည်သူများနှင့်အတူ စုပေါင်း စိုက်ထည့်ပေးခဲ့ကြောင်း သိရှိရသည်။