ထန်ပါခွေ ဇွန် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ယနေ့ နံနက် ၉ နာရီအချိန်က ရွှေ့ပြောင်းတောင်ယာမှ ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ခင်းများပေါ်ထွက်လာစေရန်နှင့် နှစ်ရှည် သီးနှံပင်များစိုက်ပျိုးခြင်းအားဖြင့် ဒေသခံတောင်သူများ၏ ဝင်ငွေစဉ်ဆက်မပြတ်ရရှိလာစေရန်ရည်ရွယ်၍ Naga and Border Area Development Project နှစ်ရှည်ပျိုးပင် ရာသီသီးနှံမျိုးစေ့များဖြန့်ဝေပေးအပ်ပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နှစ်ရှည်ပျိုးပင် ရာသီသီးနှံမျိုးစေ့များဖြန့်ဝေပေးအပ်ပွဲတွင် ထန်ပါခွေမြို့ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့အုပ်ချုပ်ရေးမှူး ဦးရန်ဟီးဝေပုံနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးဝေမင်းဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက (ထန်ပါခွေ၊ တာမောင်အုပ်စု၊ ကျွန်းခေါင်အုပ်စု၊ လန်းနောက်အုပ်စု၊ ကျောက်ကယ် အုပ်စု) များ သို့ နှစ်ရှည်ပျိုးပင်များဖြစ်သည့်(မျောက်ငို၊ မက်မန်း၊ ကော်ဖီ၊ လိမ္မော်၊ အာလာဂျီသားတက်ပင်)၊ ဟင်းသီး ဟင်းရွက်မျိုးစေ့ထုပ်ထုပ်များ၊ ပဲပုပ်နှင့် လယ်ယာသုံးကိရိယာများအား သက်ဆိုင်ရာ ကျေးရွာအုပ်စုအလိုက် ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နှစ်ရှည်ပျိုးပင် ရာသီသီးနှံမျိုးစေ့များနှင့် လယ်ယာသုံးကိရိယာများ ဖြန့်ဝေပေးခဲ့ရာ ယနေ့အထိ ၆၅ ရာခိုင်နှုန်းပြီးစီးသွားပြီဖြစ်ကြောင်း၊ မျောက်ငို- ၁၀၀၀ ပင်၊ မက်မန်း- ၅၀၀ ပင်၊ ကော်ဖီ- ၁၀၀၀ ပင်၊ လိမ္မော်- ၃၀၀ ပင်၊ အာလာဂျီသားတက်- ၅၀၀၀ ပင်)၊ ဟင်းသီးဟင်းရွက်မျိုးစေ့ထုပ်- (၇၀၀)ထုပ်၊ ပဲပုပ်- (၇)တင်းနှင့် လယ်ယာ သုံးကိရိယာများဖြစ်သည့် ၂၀ပေါက်လက်ချ မျိုးစေ့ချကိရိယာ(၄)ခုနှင့် ဆေးဖြန်းပုံး(၆)ပုံးတို့အား (၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ်) တတိယသုံးလပတ်နှင့် စတုတ္ထသုံးလပတ်အတွင်း အပြီးသတ် ဆက်လက် ဖြန့်ဖြူး ပေးသွားမည်ဖြစ်ကြောင်း ထန်ပါခွေမြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးဝေမင်းဦး၏ ပြောပြချက်အရ သိရသည်။
ဟန်ထွန်း(အင်းဝ)