အိမ်မဲမြို့နယ်တွင် ကိုဗစ်(၁၉)ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

အိမ်မဲ  ဇွန်  ၂၉

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ကိုဗစ်(၁၉)ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ကိုဗစ်(၁၉)ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးခိုင်ထွန်းဇော်က အိမ်မဲမြို့နယ် အတွင်း ကိုဗစ်(၁၉)ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အတွင်း အတည်ပြုလူနာ တွေ့ရှိပါက ထားရှိမည့်နေရာ၊ Quarantine centre ထားရှိမည့်နေရာ၊ Stay at Home မြို့နယ်(၁၀)မြို့နယ်မှ ပြန်လာမည့်သူများအား အထူးဂရုစိုက်၍ သက်ဆိုင်ရာသို့  သတင်းပေးကြရန် အစရှိသည်တို့ကို ထည့်သွင်းပြောကြားခဲ့သည်။ဆက်လက်ပြီး အိမ်မဲမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂)ဒေါက်တာသန်းဌေးက ကိုဗစ်(၁၉)ပထမလှိုင်း၊ ဒုတိယလှိုင်းကာလတွင် စေတနာသဒ္ဒါတအား ထက်သန်စွာဖြင့် လှူဒါန်းပေးကြသော အလှူရှင်များနှင့် ယခုတတိယလှိုင်းကာလတွင် လှူဒါန်းပေးကြသော မြို့မိ၊မြို့ဖ လုပ်ငန်းရှင်များအားလုံးကို   ကျေးဇူးတင်စကား   ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးကျော်အောင်က မြို့နယ်အတွင်း ကိုဗစ်(၁၉)ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အကြောင်းအရာများကို အကျယ်တဝင့် ပြောကြားဆွေးနွေးခဲ့သည်။

ယင်းနောက် တက်ရောက်လာသော မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များ၊ လူမှုရေးအသင်း အဖွဲ့များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး ကိုဗစ်(၁၉) ကော်မတီသို့ အလှူငွေ များကိုလှူဒါန်းပေးခဲ့ကြောင်း  သိရသည်။

အိမ်မဲမြို့နယ်အတွင်းကိုဗစ်(၁၉)ပိုးတွေ့လူနာများကို မြို့နယ်အားကစားခန်းမတွင်ဆေးရုံပြုလုပ်၍ ကုသပေးမည်ဖြစ်ပြီး Stay at Home သတ်မှတ်ထားသော မြို့နယ် (၁၀) မြို့နယ်မှ ပြန်လာသူများကိုQuarantine Centre အဖြစ် မိုးကုတ်ဝိဿနာ အဖွဲ့အမှတ် (၂၉)တွင် ထားရှိသွားမည် ဖြစ်ကြောင်းသိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)