မယ်စဲ့ ဇွန် ၂၈
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ မြို့နယ်အမျိုးသမီးကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌရုံးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်သန်းက အဖွင့်အမှာစကား ပြောကြားရာတွင် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ကော်မတီအနေဖြင့် အမျိုးသမီးများအတွက် လိုအပ်လျက်ရှိသော ဥပဒေများ၊ မူဝါဒများ၊ လမ်းညွှန်ချက်များကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်ကော်မတီ အနေဖြင့်လည်း မြို့နယ်အတွင်းရှိ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်းနှင့် အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးရေး၊ စီးပွာရေးဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် သက်ဆိုင်သော လုပ်ငန်းစဉ်များတွင် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူများက ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်အမျိုးသမီး ကော်မတီအတွင်းရေးမှူး မြို့နယ်လူမှုဝန်ထမ်းရုံး ဦးစီးအရာရှိ ဒေါ်သန္တာမြင့်က ယခင်သုံးလပတ် အစည်းအဝေးဆုံးဖြတ်ချက်အရ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး (၁၆)ရက်တာ လှုပ်ရှားမှု Gender၊ CEDAW၊ NSPAW အသိပညာပေး ဆွေးနွေးပွဲ ကျင်းပနိုင်ခဲ့ကြောင်းနှင့် ယခု သုံးလပတ်အတွင်း အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သည့် သင်တန်းတစ်ခုကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်မည့် ကဏ္ဍများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်