သထုံ ဇွန် ၂၈
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ယနေ့ နံနက် ၁၁ နာရီခန့်က ကိုဗစ်-၁၉ သံသယရှိသူများအား သထုံခရိုင်ပြည်သူ့ဆေးရုံကြီးရှိ Fever Clinicနှင့် မော်လမြိုင် Fever Clinic တို့၌ Covid-19 Rapid Test Kit ဖြင့် စစ်ဆေးရာ ရောဂါပိုးတွေ့ရှိသူ ၁၃ ဦး ထပ်မံတွေ့ရှိခဲ့ရကြောင်းသိရသည်။
သထုံခရိုင် ပြည်သူ့ဆေးရုံကြီး Fever Clinic တွင် အနံ့ပျောက် သံသယလူနာ ၁၂ ဦးအား စစ်ဆေး ရာ သထုံမြို့နယ် ပေါ်တော်မူကျေးရွာမှ ဘုံကျောင်းလမ်းနေသူ ၂ ဦးနှင့် အောက်ပိုင်းရပ် နေသူ ၁ ဦး၊ နောင်ကုလားကျေးရွာ လမ်းမတန်းနေသူ ၂ ဦး၊ တောင်စွန်းကျေးရွာ နေသူ ၁ ဦး၊ လိပ်အင်းရပ်ကွက်မှ ကျောင်းကုန်းရပ်နေသူ ၁ ဦးနှင့် ရွာဦးရပ်နေသူ ၁ ဦး၊ နန်းခဲရပ်ကွက်နေသူ ၂ ဦး၊ ဘင်လှိုင်ရပ်ကွက်မှ ၁ ဦး၊ ပေါင်း ၁၁ ဦးတို့ထံ၌ ရောဂါပိုးအတည်ပြုတွေ့ရှိခဲ့ရပြီး မော်လမြိုင်မြို့ရှိ Fever Clinic ၌ သထုံမြို့မှ သံသယရှိသူ ၄ ဦး သွားရောက်စစ်ဆေးရာ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး၊ ပေါင်း ၂ ဦး၊ စုစုပေါင်း ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၁၃ ဦး ထပ်တိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့ရှိသူများကို သထုံခရိုင်ပြည်သူ့ဆေးရုံကြီး၊ သံဃာဆေးကုသဆောင်ဟောင်း နေရာ၌ ပြင်ဆင်ဖွင့်လှစ်ထားသည့် ကုတင် ၅၀ ဆံ့ Isolation Ward ၌ ၇ ဦးထားရှိ ကုသပေးပြီး ကျန်ရှိသူ ၆ ဦးမှာ မော်လမြိုင်မြို့ရှိ Isolation Ward သို့ ပို့ဆောင်ပေးကာ ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)