ရေတာရှည် ဇွန် ၂၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပြင်းထန်စွာ ကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီမှ ရေတာရှည် မြို့ဝင်နေရာနှင့် ရေနီမြို့ဝင်နေရာများ၌ ကျန်းမာရေးစစ်ဆေး တိုင်းတာရန်အတွက် ယမန် နေ့က စတင်၍ ကျန်းမာရေးစစ်ဆေးရေးဌာနများ ဖွင့်လှစ်ကာ ရေတာရှည်မြို့နယ်အတွင်းသို့ ဝင်ရောက် သူများအား အပူချိန်တိုင်းတာခြင်း၊ ခရီးသွားရာဇဝင်များ ရယူခြင်း၊ Stay at Home သက်မှတ်ထား ရှိသော မြို့နယ်များမှ ပြန်လာသူများအား Quarantine Centre တွင် ထားရှိခြင်းများ ဆောင်ရွက် လျက်ရှိသည်။
ထို့ပြင် မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များနှင့် လ္ဘက်ရည်ဆိုင်များအား အဓိက ပါဆယ်စနစ်ဖြင့် ရောင်းချသွားရန်နှင့် ဆိုင်ထိုင်ရောင်းချသည့် စားသောက်ဆိုင်များအနေဖြင့် ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးကြီးကြပ်လျက်ရှိပြီး ပြည်သူများအနေဖြင့် နေအိမ် ပြင်ပသို့ ထွက်ခွာချိန်တိုင်း Mask (နှာခေါင်းစည်း)များ စနစ်တကျ တပ်ဆင်သွားလာကြရန် နေ့စဉ် စစ်ဆေး၍ တပ်ဆင်ခြင်းမရှိပါက ဒဏ်ငွေ ၅၀၀ ပေးဆောင်စေ၍ Mask (နှာခေါင်းစည်း) ၅ ခု ပြန်ပေးခြင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်များအား လိုက်နာ၍ အချင်းချင်း အသိပေးခြင်း၊ သတိပေးခြင်းများဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် အသိပညာပေးနှိုးဆောင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီထံမှ သိရသည်။
အေးဆု