တောင်ငူ၌ ဇွန်လ ၂၉ ရက်နေ့မှ စတင်၍ အခြေခံပညာကျောင်းပေါင်း (၁၉၅) ကျောင်း ခေတ္တယာယီ ပိတ်ထားမည်

တောင်ငူ ဇွန် ၂၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ ဖွင့်လှစ်သင်ကြားခဲ့သည့် အခြေခံပညာ ကျောင်းပေါင်း ၁၉၅ ကျောင်းကို ဇွန်လ ၂၉ ရက်နေ့မှ စတင်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရန် ရက်သတ္တပတ်နှစ်ပတ်ကြာ ခေတ္တယာယီပိတ်ထားမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူး ရုံးမှ သိရသည်။

တောင်ငူမြို့နယ်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၇ ဦး တွေ့ရှိပြီးနောက် ဒေသတွင်း ကူးစက်မှုနှုန်း ပြန့်ပွားခြင်းမရှိစေရန် အ​ခြေခံပညာကျောင်းများ၌ တက်ရောက်သင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ ဖွင့်လှစ်သင်ကြားခဲ့သည့် ကျောင်းပေါင်း ၁၉၅ ကျောင်းကို ခေတ္တယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီနှင့် အဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် အသိပညာ ပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နှိုးဆော်အသိပေး ခြင်းများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။