ရမ်းဗြဲ ဇွန် ၂၈
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ပြည်သူများ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန်အတွက် ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို အခမဲ့ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ရမ်းဗြဲမြို့နယ်၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး စည်းကမ်းချက် များနှင့်အညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်အရ ရမ်းဗြဲမြို့နယ်အတွင်းမှ ပြည်သူများကို အသက် ၁၀ နှစ်ပြည့်ပြီးသူများနှင့် အသက် ၁၈ နှစ်ပြည့်ပြီးသူများကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ မပြုလုပ်ရသေးသောသူများ၊ မရှိသေးသောသူများကို အသစ်ပြုလုပ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး/ပျောက်ဆုံး သူများအား ပြန်လည်လျှောက်ထားစေခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ပေးခြင်းနှင့် မွေးတိုးစာရင်းများ ဖြည့်သွင်းပေးခြင်းများနှင့် သေဆုံးသူများကို အိမ်ထောင်စုလူဦးရေစာရင်းမှ ပယ်ဖျက်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ပန်းခင်းစီမံချက်ကာလအတွင်း ၂၀၂၁ - ခုနှစ်၊ ဇွန်လထိ ရမ်းဗြဲမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ခဲ့သူ (၄၇၇) ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း (၁၇၃) ခု ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းကို ရမ်းဗြဲမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး၏ ပြောကြားချက်အရ သိရသည်။
အောင်နိုင်ဖြိုး