ဟိုင်းကြီးကျွန်းမြို့ရှိ ဒေသခံပြည်သူများ ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေးဆောင်ရွက်

ဟိုင်းကြီးကျွန်း ဇွန် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ရှိ ဒေသခံပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရေးအတွက် mask တပ်ဆင်မှု ရှိ/မရှိ၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ လမ်းညွှန်ချက်များအား အသိပညာပေး စစ်ဆေးမှုကို ယနေ့ နံနက် ၁၁ နာရီက မြို့အတွင်းလူစည်ကားရာ နေရာများတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် ဟိုင်းကြီးကျွန်းမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပြုအဖွဲ့မှ တာဝန်ရှိသူများက အမှတ် (၁)၊ (၂)၊ (၃) ရပ်ကွက်များရှိ ပျံကျစျေးများမှ စျေးရောင်း၊ စျေးဝယ်များနှင့် ပြည်သူများအား နှာခေါင်းစည်းတပ်ဆင်မှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ ကုန်စုံဆိုင်များသို့ လိုက်လံကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကြိုတင်ကာကွယ်မှုများကို အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လွှမ်းသီဟ (ပြန်/ဆက်)