အထက်မင်းလှ ဇွန် ၂၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင် က မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရမည် ဖြစ်ပြီး ပြည်သူများအား ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မင်းလှမြို့အဝင်ဂိတ်နှင့် မလွန်တံတားဂိတ်များတွင်ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ကျန်းမာရေး စစ်ဆေး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် - ၁၉ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်များနှင့်အညီ စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများအနေဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရန် ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုး က ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်းပြီး ဆောင်ရွက်မည့် အစီအစဉ် များနှင့် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများရှိလာပါက ကာကွယ်ကုသမည့် လုပ်ငန်းများ၊ အခြားသော Stay at Home မြို့နယ်များမှ နေရပ်ပြန်လာသူများရှိပါက Quarantine Centre များတွင် စနစ်တကျ ထားရှိနိုင်ရေး လိုအပ်ချက်အခြေအနေများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေး မှူးများ၊ စာရေးဝန်ထမ်းများက မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများနှင့် စပ်လျဉ်းပြီး ဆောင်ရွက်ရန်လုပ်ငန်း အစီအစဉ်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည် များကို ဖြည့်စွက်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။
ဇာဇာ(အထက်မင်းလှ)