မော်လိုက်ခရိုင် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ၏ ဒေသန္တရ စီမံကိန်း ပြုစုရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မော်လိုက် ဇွန် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ၏  ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ (၆)လအတွက် ဒေသန္တရ စီမံကိန်းပြုစု ရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ ဘဏ္ဍာရေးနှစ်ကို ဧပြီလ(၁)ရက်နေ့မှ မတ်လ(၃၁) ရက်နေ့ထိ ပြောင်းလဲပြင်ဆင်သတ်မှတ်သွားမည်ဖြစ်ရာ ကြားကာလ(၆)လအတွက် သက်ဆိုင် ရာဌာနများ၏ စီမံကိန်းလုပ်ငန်းများတင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန်၊ စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ကာလအတွင်းပြီးစီးရေး၊ အရည်အသွေးကောင်းမွန်ရေး တို့အတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးကြပြီး အဆိုပြုတင်ပြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည် ဖော်ရေးကော်မတီ အတွင်းရေးမှူး၊ ခရိုင် စီမံကိန်းဦးစီးမှူး ဦးသောင်းထိုက်က ဒေသန္တရစီမံကိန်း လုပ်ငန်းဆိုင်ရာများအား ရှင်းလင်း တင်ပြခဲ့ပြီး တက်ရောက်လာကြသည့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိဌာနများအလိုက် စီမံကိန်းလုပ်ငန်း လျာထားတင်ပြချက်များကို ဆွေးနွေးတင်ပြခဲ့ကြရာ ခရိုင်စီမံ ကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုအပ်သည် များအား ဖြည့်စွက် မှာကြားခဲ့ကြကြောင်း သိရသည်။

မော်လိုက်သားလေး