တောင်ငူ၌ ကိုဗစ်-၁၉ အတည်ပြုလူနာ တိုးပွားလာမှုကြောင့် ရောဂါကာကွယ်ရေးလုပ်ငန်းများအရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိ

 

တောင်ငူ ဇွန် ၂၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ ဇွန်လ ၂၈ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိသည့် အတည်ပြုလူနာ ၂၇ ဦးရှိအား တောင်ငူဆေးရုံကြီး သီးသန့်ကုသဆောင် တွင်ထားရှိကာ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ၄င်းနှင့် ထိတွေ့ဆက်စပ်ခဲ့သည့် လူဦးရေ (၁၇၂) ဦးအား တောင်ငူပညာရေးကောလိပ် (ဟောင်း) နှင့် အမေ့သားဟိုတယ် သီးသန့်စောင့်ကြည့်ဌာန (Facility Quarantine Centre) ၌ ထားရှိကာ ကျန်းမာရေး စစ်ဆေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ ထံမှသိရသည်။

တောင်ငူမြို့နယ်အတွင်း ကူးစက်ရောဂါပြန့်ပွားမှု မရှိစေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ

ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ မြို့ဝင်နေရာ (၃) ခု၌ ကျန်းမာရေးစစ်ဆေးတိုင်း တာရန်အတွက် ကျန်းမာရေးစစ်ဆေးရေးဌာနများ ဖွင့်လှစ်ကာ တောင်ငူမြို့နယ်အတွင်းသို့ ဝင်ရောက်သူများအား အပူချိန်တိုင်းတာခြင်း၊ ခရီးသွားရာဇဝင်များ ရယူခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထို့​ပြင် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွား​စေရေး၊ ပြန့်ပွားမှု မရှိစေရေးအတွက် ပြည်သူများအနေဖြင့် အထူးဂရုပြု သွားလာနေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာချိန်တိုင်း Mask (နှာခေါင်းစည်း) များ စနစ်တကျ တပ်ဆင်သွားလာကြရန်၊ မလိုအပ်ပဲ လူစုလူဝေးရှိသော

နေရာများသို့ သွားလာခြင်းမှ ရှောင်ကျဉ်ရန်၊ လက်ကို မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန် စသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်များအား လိုက်နာ၍ အချင်းချင်းအသိပေးခြင်း၊ သတိပေးခြင်းများဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် အသိပေးနှိုးဆောင်မှုများကို ဆောင်ရွက်ထားလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီထံမှ သိရသည်။